Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံပြည်သူများအတွက် ဆန်တန်ချိန်(၈၂.၂)တန်အား APTERR အဖွဲ့မှ လာရောက်လွှဲပြောင်းပေး

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံပြည်သူများအတွက် ဆန်တန်ချိန်(၈၂.၂)တန်အား APTERR အဖွဲ့မှ လာရောက်လွှဲပြောင်းပေး

စက်တင်ဘာ ၉ (ပဲခူး)
======================

စက်တင်ဘာလ (၉)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အာဆီယံအပေါင်း(၃)၊ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန်(၈၂.၂)တန်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ယခုလို သဘာဝဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားနည်းလည်မှုဖြင့် အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံ မှ ဆန်တန်ချိန်(၈၂.၂)အားလာရောက်ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ယခင်က သဘာဝသယံဇာတ ပေါကြွယ်ဝခဲ့သော်လည်း မှားယွင်းသောစီမံခန့်ခွဲမှုများကြောင့် ယနေ့အချိန်တွင် သဘာဝဘေးဒဏ်များ ခံစားနေရကြောင်း၊ ဒါတွေကိုလည်း ပြန်လည်ကုစားနိုင်ရေး မိမိတို့အစိုးရမှ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် APTERR အတွင်းရေးမှူးရုံး အကြီးအဲ Mr. Chanpithya တို့က အာဆီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ လှူဒါန်းခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ဆန်တန်ချိန်(၈၂.၂)အား လွှဲပြောင်းပေးအပ်ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစိုးရအဖွဲ့ ဝန်ကြီး(၂)ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆန်တန်(၈၂.၂)တန် လာရောက်လှူဒါန်းခဲ့အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းနားသို့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ APTERR အတွင်းရေးမှူးရုံး အထွေထွေမန်နေဂျာ Mr. Chanpithya နှင့်ကိုယ်စားလှယ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကိုရီးယားနိုင်ငံမှ ထောက်ပံ့ပေးအပ်သော ဆန်တန်ချိန်(၈၂.၂)တန် (၄၀)ကီလို (၂၀၅၅)အိတ်အား  မြို့နယ်အလိုက် သဘာဝဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်စေရေး ခွဲဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။