Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း (၁/၂၀၁၉) ဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးမြို့တွင် အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း (၁/၂၀၁၉) ဆင်းပွဲအခမ်းအနားကျင်းပ

စက်တင်ဘာ ၉ (ပဲခူး)

================

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှုး၍ ဖွင့်လှစ်ခဲ့သော အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲအား စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယခုဖွင့်လှစ်ခဲ့သောသင်တန်းမှ ပို့ချလိုက်သည့် အသစ်ပြောင်းလဲလိုက်သော အေရိုးဗစ်လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများကို စနစ်တကျပြန်လည်လေ့လာဆန်းစစ်ပြီး မိမိတို့ဒေသတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်၊ လူတိုင်းလူမှုဘဝအစဉ်လှပစေဖို့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားကို ကျောင်းသား/သူများနှင့် ပြည်သူများအကြား ပြန့်နှံ့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ် ရောဂါဘယများစွာ ကာကွယ်နိုင်သလို အားကစားလေ့လာလိုက်စားခြင်းဖြင့် ကုသရာလည်းရောက်ပြီး ကောင်းကျိုးများ သက်ရောက်မှုရှိသည်ဆိုသည့် အချက်အား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်၍ လှုပ်ရှားဆောင်ရွက်လာအောင် စည်းရုံးစွမ်းဆောင်နိုင်ကြသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်တို့က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူများက အေရိုးဗစ်နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြသကြသည်။
အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း(၁/၂၀၁၉)အား မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ပြည်သူလူထုနှင့် ကျောင်းသား/သူများအား အားကစားအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ အရည်အချင်းပြည့်မီသော နည်းပြများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားအသိပညာပေး လုပ်ငန်းများအား အခြေခံကျစွာနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ဖွင့်လှစ်ကာ ကိုယ်လက်လှုပ်ရှား Myanmar Fitness Dance အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပသော အေးရိုးဗစ်ပြိုင်ပွဲအတွက် ပြောင်းလဲလိုက်သည့် အကြီးတန်းကကွက် (၄၆)ကွက်ကိုပါ သင်ကြားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ(၆၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။