Home / မင်းလှမြို့နယ် / သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဧပြီ ၂၁ (ပဲခူး)

==========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၁)ရက်နေ့ ညနေ(၄:၃၀) နာရီအချိန်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကာ လုပ်ဆောင်ပေး လျှက်ရှိကြောင်း၊ ဌာနဆိုင်ရာများမှလည်း အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်တွင် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ရေးရာကအစ ပြောင်းလဲကြရမှာဖြစ်ကြောင်း၊ မြို့မိ/မြို့ဖ ဒေသခံများမှလည်း မိမိတို့ဒေသ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာအောင် အစိုးရ၊ ဌာနဆိုင်ရာများအား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပြောင်းလဲရာတွင် ပညာရေးကဏ္ဍသည် အဓိကကြကြောင်း၊ သီးခံခြင်းတရား လက်ကိုင်ထားပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဘုံရည်မှန်းချက်ထားကာ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးများမှ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ခဲ့သော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့မိ/မြို့ဖများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ပြန်လည်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မင်းလှမြို့နယ် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီထံသို့ ဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေးအတွက် ဝန်ကြီးချုပ်မှ ငွေကျပ်သိန်း(၆၀) ပေးအပ်လှူဒါန်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။