Home / ပဲခူးမြို့နယ် / နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ပဲခူးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ပဲခူးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဇူလိုင် ၄ (ပဲခူး)

==================================================

          ဇူလိုင်လ (၄)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နှစ်(၇၀)ပြည့် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့မှာ အာဇာနည်ကုန်းမရှိသဖြင့် ယခင်နှစ်က လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင်  ကျင်းပပြုလုပ်ခဲ့ရကြောင်း၊ ယခုနှစ်မှာ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် အားလုံးဝင်ပါဝင်နိုင်အောင် ပြုလုပ်မည် ဖြစ်ကြောင်း၊ အာဇာနည်နေ့ အခမ်းအနားနှင့်ပတ်သက်ပြီး ပညာရေးဌာနတို့မှ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဟောပြောပွဲများ ပြုလုပ်ကြမည်ဖြစ်၍ ဌာနဆိုင်ရာ များမှ ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းမှ အာဇာနည်နေ့ ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းပေးထားသည့် ကော်မတီများ၊ ဆပ်ကော်မတီအသီးသီးတို့မှ ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်အသီးသီးနှင့် အခမ်းအနားကျင်းပစဉ် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးနှင့် လွမ်းသူ့ပန်းခွေချ အလေးပြုကြမည့် ပြည်သူများအတွက် အဆင်ပြေစေရန် ကြိုတင်စီမံဆောင်ရွက် သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအပိုင်းအနေဖြင့် နံနက်(၇:၃၀)အချိန်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၌ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအစီအစဉ် ဆောင်ရွက်ပြီး၊ အလေးပြုအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ NGO များ၊ CSO များ၊ မြို့မိမြို့ဖများနှင့် ပြည်သူများ တက်ရောက်ကြမည်ဖြစ်ပြီး၊  ဒုတိယပိုင်းအနေဖြင့် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။