Home / ပဲခူးမြို့နယ် / ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၅ (ပဲခူး)
==================================

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဇူလှိုင်လ(၅)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဌ ဒေါ်စမ်းစမ်းမိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော “မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးထုအတွက် တစ်နှစ်တာ နှစ်ပတ်လည်ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၇ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသူ(၁၁)ဦးအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှလည်းကောင်း၊ ဗဟိုအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပထမရရှိသော ကျောင်းသူ(၂)ဦး၊ ဗဟိုအဆင့် ကမ္ဘာ့ကုလသမဂ္ဂနေ့ စာစီစာကုံးပွဲတွင် ပထမရရှိသော ကျောင်းသူ(၁)ဦး၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲတွင် ပထမရှိသော ကျောင်းသူ(၁)ဦး၊ ကမ္ဘာ့ဆရာများနေ့ (ထက်-ကဗျာ) ပထမရရှိသော ကျောင်းသူ(၁)ဦး၊ ၂၀၁၆ခုနှစ်၊ ဆိုကရေးတီး(ဆိုင်း) ဗဟိုအဆင့်ပထမရရှိသော ညောင်လေးပင်မြို့နယ်မှ မမိုးပြည့်ပြည့်နိုင်၊ ၂၀၁၆ခုနှစ်၊ ဆိုကရေးတီး(အဆို) ဗဟိုအဆင့်ပထမရရှိသော တောင်ငူမြို့နယ်မှ မအိမွန်ဇင်၊ ၂၀၁၆ခုနှစ်၊ (၄)ကြိမ်မြောက် အာရှဖလား အလေးမပြိုင်ပွဲ ရွှေတံဆိပ်ရရှိသော ဒိုက်ဦးမြို့နယ်မှ မမိုးသူဇာ၊ အာရှချန်ပီယံတန်းပြိုင်ပွဲ ရွှေတံဆိပ်ရရှိသော ရွှေကျင်မြို့နယ်မှ မသဲစုစုအောင်၊ ၂၀၁၆ခုနှစ်၊ ထိုင်းနိုင်ငံ ဖိတ်ခေါ်လမ်းလျှောက်ပြိုင်ပွဲနှင့် ၂၀၁၇ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ် (လမ်းလျှောက်)ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်နှစ်ခုရရှိသော ရွှေကျင်မြို့နယ်မှ မသန်းသန်းစိုး၊ ၂၀၁၆ခုနှစ်၊ မလေးရှားနိုင်ငံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ရွှေတံဆိပ်(၅)ခုရရှိသော ဖြူးမြို့နယ်မှ မစုမြတ်ယဉ်၊ ၂၀၁၆ခုနှစ်၊ မလေးရှားနိုင်ငံဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ရွှေတံဆိပ်(၅)ခုရရှိသော သဲကုန်းမြို့နယ်မှ မကေဇင်ထွဋ်၊ ၂၀၁၆ခုနှစ်၊ အာရှချန်ပီယံတန်းပြိုင်ပွဲ ရွှေတံဆိပ်(၁)ခု ရရှိသော လက်ပံတန်း မြို့နယ်မှ မအေးအေးငြိမ်းတို့အား ဌာနကြီးမှူးများနှင့် ခရိုင်ဥက္ကဌများမှလည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်၊ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်သန်းသန်းနွဲ့မှ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှုငွေကျပ်(၅)သိန်းအား ထံပေးအပ်လှုဒါန်းပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံးကြီး၌ လူနာစောင့်များထိုင်ရန် ထိုင်ခုံများကိုလည်းကောင်း၊ ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ရန် ပဲခူးခရိုင်အား ငွေကျပ်သိန်း(၄၀)၊ တောင်ငူခရိုင်အား သိန်း(၆၀)၊ ပြည်ခရိုင်အား (၇၅)သိန်း၊ သာယာဝတီခရိုင်အား သိန်း(၅၀)နှင့် ညောင်လေးပင်၊ ပြည်၊ ရွှေတောင်မြို့နယ် (၃)မြို့နယ်အား တစ်မြို့နယ်လျှင် အပ်ချုပ်စက်(၁၀)လုံးစီကိုလည်းကောင်း လှူဒါန်းထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအမျိုးသမီးများ၊ ပညာရေးဌာနမှဆရာမများနှင့် ကျောင်းသူလေးများ၊ သူနာပြုအမျိုးသမီးများ၊ ထူးချွန်အမျိုးသမီးများ၊ စုစုပေါင်းအင်အား(၄၅၀)ခန့် တက်ရောက်ကြကြောင်းသိရသည်။