Home / ပဲခူးမြို့နယ် / လုပ်ပိုင်ခွင့်များနှင့် ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ပြောကြား

လုပ်ပိုင်ခွင့်များနှင့် ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ပြောကြား

အောက်တိုဘာ ၁ (ပဲခူး)
====================================

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့၏ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှု၊ ဥပဒေနှင့် ညီညွတ်မှုစသည့် အချက်သုံးချက်ကို ခိုင်မာအောင် တည်ဆောက်ပြီး နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုသော မိမိတို့ရဲ့အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီ ထူထောင်သည့် ယနေ့ကာလတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အားလုံး၏ အရေးအကြီးဆုံးနှင့် ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ပြည်သူအပေါ် ပြုကျင့်ဆက်ဆံသည့် အပြုအမူ၊အပြောအဆို၊ အနေအထိုင်ကောင်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရသည့် တာဝန်ရှိသူများအားလုံးသည် လူသားတို့၏ ဂုဏ်သိက္ခာကိုလေးစားခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အခြေခံလူ့အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းစသည့် နည်းလမ်းများဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားမှု၊ အဂတိတရား လိုက်စားမှုသည် ရဲတပ်ဖွဲ့၏ တရားမျှတစွာထမ်းဆောင်သည့် တာဝန်ဆောင်ရွက်မှု လမ်းကြောင်းကို သွေဖယ်စေသည့်အတွက် တပ်ဖွဲ့ဝင်များက အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုမှန်သမျှကို ကိုယ်တိုင်ကျူးလွန်ခြင်း မပြုရုံမျှသာမက ပြင်းထန်စွာ ဆန့်ကျင်သွားရမှာဖြစ်ကြောင်း” ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းဖြစ်စဉ်များအပေါ် အချိန်တိုကာလအတွင်း စွမ်းစွမ်းတမံ ဖမ်းဆီးဖော်ထုတ်နိုင်သည့် တပ်ဖွဲ့ဝင်များအား ဝန်ကြီးချုပ်မှလည်းကောင်း၊ မှုခင်းဖြစ်ပွားမှုများတွင် စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေတို့ကလည်းကောင်း ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပေးအပ်ချီးမြှင့်ပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမှုကြီး(၁၀)မျိုး (၂၂၄)မှု၊ ခိုးမှု(၇)မျိုး (၂၂၀)မှု၊ အခြားမှု(၁၀)မျိုး(၅၉၂၇)မှု၊ ကြို/ကာ(၁၀)မျိုး (၃၂၉၅၆)မှု ဖြစ်ပွားခဲ့ရာ အမှုကြီး(၁၀)မျိုးတွင် ပဲခူးခရိုင်မှ(၉၁)မှု၊ တောင်ငူခရိုင်မှ(၅၄)မှု၊ ပြည်ခရိုင်မှ(၄၂)ခု၊ သာယာဝတီခရိုင်မှ(၃၇)မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှုးကြီးစိန်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များတက်ရောက်ကြကြောင်း သတင်းရရှိသည်။