Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

အောက်တိုဘာ ၁ (ပဲခူး)
===================================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့် လည်းသက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အဘိုးအဘွားများအား ကန်တော့ကြိုးဖြင့် ကန်တော့ပြီး အခမ်းအနားတက်ရောက်လာသော အသက်(၉၀)နှစ်အထက် အဘိုး(၁၈)ဦး၊ အဘွား(၂၇)ဦးပေါင်း (၄၅)ဦးတို့အား ဂုဏ်ပြုလှူဒါန်းငွေများနှင့် ပစ္စည်းများပေးအပ်လှူဒါန်းကြရာ ကန်တော့ခံအဘိုးတစ်ဦးက ဆုပေးစကား ပြန်လည်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ၁၉၉၉ခုနှစ်က စတင်ပြီးကျင်းပလာခဲ့ရာ ယခု၂၀၁၇ခုနှစ်တွင် (၁၉)ကြိမ်တိုင်ရှိခဲ့ပြီဖြစ်ပြီး သက်ကြီးရွယ်အိုအများစု ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးမပြည့်စုံမှု၊ လူမှုရေးအထီးကျန်မှုနှင့် လူမှုအခွင့်အရေးများကို လူ့အသိုက်အဝန်းတစ်ခုလုံးက သိရှိနားလည် ဖြည့်ဆည်းပေးနိုင်ရန်၊ အနာဂတ်တွင် အရေအတွက်တိုးပွားလာမည့် သက်ကြီးရွယ်အိုများ၏ အရေးကို သတိမူအလေးအနက်ထား ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှစ်စဉ်အစဉ်အလာမပျက်ကျင်းပသွားနိုင်ရန်ရည်ရွယ်၍အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ (၅၁)သန်းကျော်အနက် (၄.၄၇၄)သန်းသည် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုတွေဖြစ်သည်။ တစ်နည်းအားဖြင့် လူ(၁၁)ဦးတွင် (၁)ဦးသည် သက်ကြီးရွယ်အိုဘဝကို ရောက်ရှိနေပြီဖြစ်သည်။ ၁၉၉၉ခုနှစ် ကပထမဆုံး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပစဉ်က မြန်မာနိုင်ငံ၌ အသက်(၁၀၀)နှစ်အထက် အဘိုးအဘွား(၁၁၇)ဦးသာရှိခဲ့ရာ ယခုအချိန်တွင် (၁၁၇၉)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
အသက်(၉၀)နှစ်အထက် သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်မှစတင်ပြီး တစ်ဦးလျှင် တစ်လငွေ(၁၀၀၀၀)ကျပ်နှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပ့ံပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးမှာ ၂၀၁၇ခုနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် (၄၄၇၉)ဦး၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် (၄၈၀၇)ဦး လူမှုရေးပင်စင် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် ပဲခူးမြို့ပေါ်(၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်အပါအဝင် အသက်(၉၀)နှစ်အထက် အဘိုးအဘွား (၂၉၅)ဦးတို့အား တစ်ဦးလျှင် ငွေ(၁၀၀၀၀)ကျပ်နှုန်းအပြင် အခမ်းအနားတက်ရောက်သူ အဘိုးအဘွား(၄၅)ဦးအတွက် ငွေ(၁၀၀၀၀)ကျပ်နှင့် အခြားထောက်ပံ့ပစ္စည်းတန်ဘိုး (၂၁၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကြကြောင်း သတင်းရရှိသည်။