Home / တောင်ငူမြို့နယ် / ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းတံတား တည်ဆောက်နေမှုနှင့် တောင်ငူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းတံတား တည်ဆောက်နေမှုနှင့် တောင်ငူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဒီဇင်ဘာ ၇ (ပဲခူး)
===================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စစ်တောင်းတံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-နေပြည်တော်အမြန်လမ်းနှင့် ဆက်သွယ်သော အရှည်(၂)မိုင်(၂)ဖာလုံရှိ မြေစီးရွာသစ်-သိုးကြီးကရင်လမ်းနှင့် အရှည်(၂)မိုင် (၂.၅)ဖာလုံရှိ ကျွဲပွဲ-မြို့စိုးလမ်း၊ အရှည်(၁၂)မိုင် (၄)ဖာလုံရှိ ဝဲဒေါင့်-ရေလောင်း ကျောက်ချောလမ်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းနှင့် တံတားအထူးအဖွဲ့(၁၀) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်းတို့က စစ်တောင်းတံတား တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်လုပ်ဆောင်ကြရန်၊ ဒေသခံပြည်သူများနှင့် နိုင်ငံတော်၊ တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် တံတားဖြစ်သောကြောင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စံပြတံတားတစ်စင်း ဖြစ်ပေါ်လာအောင် မခိုမကပ်ဘဲ စေတနာမေတ္တာများဖြင့် တည်ဆောက်ကြရန်၊ သတ်မှတ်ကာလအတွင်း မြန်ဆန်စွာပြီးစီးရန်လိုအပ်သလို ရေရှည်သပ်ရပ်ခိုင်ခန့်ရန်အတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါစစ်တောင်းတံတားသည် အုတ်တွင်းမြို့နယ် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပေါ်တွင်ရှိပြီး ပြည်ထောင်စုရန်ပုံ ငွေကျပ်သန်း(၄၈၀၀)ဖြင့် တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူကာ အရှည်ပေ(၁၂၀၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းအကျယ် (၃)ပေ၊ ရေလမ်းကင်းလွတ်အမြင့်(၈)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၁၀၂)ပေ၊ တံတားခံနိုင်ဝန် H.S-20-44(Load Class)၊ သံကူကွန်ကရစ်တံတားအဖြစ် ၂၀၁၇ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၁၈)ရပ်ကွက်၊ ပြည်တော်သာအိမ်ရာတွင် Original Group Co;Ltd နှင့် Kinetic Arts Co;Ltdတို့မှ တာဝန်ယူတည်ဆောက်နေသော (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက လိုက်လံရှင်းလင်းပြသကြောင်း သိရသည်။