Home / စည်ပင်သာယာရေးအဖွဲ့ / အမှိုက်မှ လယ်ယာသုံးစက်ကိရိယာအတွက် ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေး

အမှိုက်မှ လယ်ယာသုံးစက်ကိရိယာအတွက် ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေး

ဒီဇင်ဘာ ၁၉ (ပဲခူး)

==================================

       ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဂျပန်နိုင်ငံအခြေစိုက်  Garbage Collection Co., မှ Mr. Hosono ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။

          ရှေးဦးစွာ Mr. Hosono က ပဲခူးတိုင်းဒေသကြီးအတွင်း၌ အမှိုက်မှ လယ်ယာသုံး စက်ကိရိယာများအတွက် ဒီဇယ်ဆီပြန်လည်ထုတ်ယူနိုင်မည့် စက်ရုံတည်ဆောက်နိုင်ရန် လာရောက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ စက်ပစ္စည်းများအား ဂျပန်နိုင်ငံအစိုးရမှ ODA နှစ်ရှည် ချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ကုမ္ပဏီမှ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

         ထို့နောက် ဝန်ကြီးချုပ်က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် စက်ရုံ/အလုပ်ရုံများ၊ လူဦးရေများနှင့် မြို့ပြများမှ ထွက်ရှိလာမည့် အမှိုက်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ဖျက်ဆီးရန် ကြိုတင်စီမံဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သန့်ရှင်းလှပသည့် မြို့ပြတစ်ခုဖြစ် ရန် အမှိုက်ပြဿနာကို ဖြေရှင်းနိုင်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် စည်ပင်သာယာရေးအတွက် စက်/ယာဉ်၊ ယန္တရား၊ လူအင်အား များစွာရှိနေ ပြီး မိမိတို့ တိုင်းဒေသကြီးတွင် စည်ပင်သာယာရေး၏ စက်/ယာဉ်၊ ယန္တရား၊ လူအင်အား အလွန် နည်းပါးနေကြောင်း၊ ဂျပန်အစိုးရချေးငွေ ODA နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်မှသာ ဆောင်ရွက်၍ ရမည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယခုလို လာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စည်ပင်သယာရေးနှင့်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။