Home / ကဝမြို့နယ် / ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်းနှင့် မြစ်ကူးတံတား(၁)စင်း ထပ်မံဖောက်လုပ်တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်း

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်းနှင့် မြစ်ကူးတံတား(၁)စင်း ထပ်မံဖောက်လုပ်တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်း

ဒီဇင်ဘာ ၂၄ (ပဲခူး)

==================================

       ဒီဇင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တောင်ဝင်ဟံသာ ခန်းမ၌ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်းနှင့် မြစ်ကူးတံတား(၁)စင်း ထပ်မံဖောက်လုပ်တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်း ထပ်မံဖောက်လုပ်ရန်နှင့် ပဲခူးမြစ်ကူးတံတား(၁) စင်း တည်ဆောက်ရန်တို့အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ယခုဖောက်လုပ်မည့်စီမံကိန်းသည် အနာဂတ်တွင် တိုင်းပြည်အတွက် အလွန်အရေးပါလာမည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ရန်ကုန် သီသဝါဆိပ်ကမ်းနှင့် ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အတွက် အကျိုးဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

         ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန် တိုင်းဒေသကြီးနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ဖြစ်နိုင်စေရန် ယခုစီမံကိန်းအား တည်ဆောက်ရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း၊ သီလဝါဆိပ်ကမ်းမှ ကုန်သေတ္တာများအား ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းအား ချိတ်ဆက်၍ တိုင်းဒေသကြီး(၂)ခု၏ ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်သွား စေရန်အတွက်ဖြစ်ကြောင်း၊ ယခုဖောက်လုပ်မည့် လမ်းသည် နောင်အနာဂတ်အတွက် အလွန်အရေး ပါပြီး ပဲခူးမြို့ရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးသည် အာစီယံလမ်းမကြီးများ၊ ရန်ကုန်-ဟံသာဝတီ-ပဲခူး အဓိက စီးပွားရေးစင်္ကြံဧရိယာအတွင်း ကျရောက်လျက်ရှိခြင်း၊ အရှေ့ဘက် ထိုင်းနိုင်ငံနှင့် အထက် မြန်မာပြည်တို့မှ ကုန်စည်စီးဆင်းမှုများ၏ လမ်းဆုံတွင်ရှိနေသဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိနေပါကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုမှ ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းနှင့် ပဲခူးမြစ်ကူးတံတား တည်ဆောက်နိုင်မည့် လျာထားစီမံကိန်း(၃)ခုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လမ်းဖောက်လုပ် ခြင်းနှင့် တံတားတည်ဆောက်နိုင်ရန်တို့အတွက် လျာထားစီမံကိန်း(၃)ခုအပြင် မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ချက်အရ ထပ်မံ၍ အနာဂတ်အတွက် ထပ်မံတိုးချဲ့ခြင်းများ ဆောင်ရွက်နိုင်မည့် လမ်းနေရာနှင့် တံတားတည်ဆောက်မည့်နေရာတို့ကို တင်ပြခဲ့သည်။

          ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းနှင့် ပဲခူးမြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းအား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်း တင်ပြသည့် စီမံကိန်းအား ရွေးချယ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ် သည်။

          အဆိုပါ ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းနှင့် ပဲခူးမြစ်ကူး တံတား တည်ဆောက်ခြင်းအပြင် ပဲခူးမြစ်အား ပြန်လည်အဆင့်မြှင့်တင်ပြီး သီလဝါဆိပ်ကမ်းမှ ကုန်သေတ္တာများအား ကုန်တင်သင်္ဘောများဖြင့် ပဲခူးမြစ်အတိုင်း သယ်ဆောင်မည်ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအတွင်း ကုန်တွင်းဆိပ်ကမ်း(Dry Port)တစ်ခု တည်ဆောက်ရန် လျာထားချက်ရှိကြောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ဝေးကွာလွန်းသော နယ်မြို့လေးများ၏ စီးပွားရေးဖွံ့ဖြိုးမှုများအား အထောက်အကူပြုစေရန်၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း စတင်လာပါက ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် စက်မှု/လက်မှု ကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်ရမည်ဖြစ်၍ ယခုစီမံကိန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပထမဆုံးပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်း တစ်ခုဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်သည်။

တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့တောဝန်နှင့် ဥပဒေ၊ အင်ဂျင်နီယာချုပ်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။