Home / ရွှေကျင်မြို့နယ် / ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၂၇ (ပဲခူး)

=========================

ဇန်နဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ(၃:၄၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က စီမံကိန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က ကမ်းပြိုမှုများကြောင့် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ လူနေအိမ်နှင့် သာသနိကအဆောက်အဦများ ပျက်စီးခြင်း၊ ပြောင်းရွေ့ ပေးရခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ ကမ်းပါးပြိုကျမှုများသည် ရေစီးကြောင်းပြောင်းလဲမှု ကြောင့်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုသည် အခြေခံကျသည့် အချက်တစ်ခုဖြစ် ကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး နောင်အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် မြစ်ကြောင်းပြောင်းလဲမှုကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကွင်းဆိပ်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး ဘိုးပိုင်အခြေပြုကျောက်စီ မြေထိန်းနံရံ(၁၂၀၀)ပေနှင့် သဲအိပ်ခံ ကျောက်စီရေကြောင်းပိတ်ရေကာ(၂၄၀)မီတာ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ၊ ၂၀၁၈ ခုနှစ်၊ မတ်လကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။