Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန / ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

ဖေဖော်ဝါရီ ၄ (ပဲခူး)
==================================

ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၈)ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးရှိ အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (သီဟဟင်္သာ)သရုပ်ပြသခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ UN – HABITAT မှ ဒေါ်သိမ့်ရီစိုးက ငလျင်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပြီး ငလျင်လှုပ်ခတ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲရမည့်လုပ်ငန်းစဉ်များ၊ ကယ်ဆယ်ရှင်းလင်းရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များ၊ ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ် ဘေးကင်းရာအရောက်ပို့ဆောင်ရမည့် လုပ်ငန်းများနှင့် ငလျင်လှုပ်ပြီးနောက် လူနေအိမ်မှဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ခြင်းဆောင်ရွက်ပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လာရောက်အားပေးခြင်း၊ ကူညီစောင့်ရှောက်ထောက်ပံ့ခြင်း လုပ်ငန်းများအား ပူးပေါင်းဌာနများက ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသပေးသည်။
ငလျင်လှုပ်ခတ်ပြီးနောက် မိမိ၏မိသားစုဝင်များကို စစ်ဆေးပါ၊ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီးလိုအပ်သော အကူအညီများပေးပါ၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာပါ၊ အခြားသူများကိုမျှဝေပါ၊ ကောလဟလသတင်းများမယုံပါနှင့်၊ မိမိအိမ်နှင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ ပျက်စီးမှုများအားလုံးကို ပြန်လည်စစ်ဆေးပါ၊ အင်အားကြီးမားသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်များ လှုပ်တတ်ကြောင်းသတိပြုပါ၊ နောက်ဆက်တွဲ ဘေးအန္တရာယ် (မီးဘေး၊ ဆူနာမီ၊ ရေကြီးခြင်း၊ မြေပြိုခြင်း) များကို အထူးသတိပြုပါ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည် အချက်များအနေဖြင့် အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲမဝင်ရ၊ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင့် မြေပြိုနိုင်ပါသည်။ ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေပါနှင့်၊ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သည်။ တာဝါတိုင်များ၊ မျှော်စင်များ၊ အထပ်မြင့်အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနဲ့။ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန် အချက်များအနေဖြင့် ကြောက်ရွံ့ထိန့်လန့်မှုမရှိပါနှင့်၊ သတိရှိပါ၊ တည်ငြိမ်မှုရှိပါ။ (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါကပြေးထွက်ပါ။ မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် ဝပ်ကာကိုင်ပုံစံဖြင့်နေပါ။ လယ်ကွင်း၊ ကွင်းပြင်(သို့)ဘေးကင်းရာ (မြင့်မားသောအဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓါတ်တိုင်များ၊ သစ်ပင်များပြိုကျနိုင်သော အရာများနှင့်ဝေးရာ)ပြေးပါ။ ငလျင်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ်းခြေ(သို့) မြစ်ကမ်းစပ်အနီးတွင် ရောက်ရှိနေပါက ကုန်းမြေမြင့်သို့ရွှေ့ပြောင်းပါ။ မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များကိုပိတ်ပါ။ ဆိုင်ကယ်၊ ကားစသည်တို့ မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။ ရှောင်ရှားသင့်သည့် အချက်များအနေဖြင့် အဆောက်အအုံထဲသို့ ပြေးမဝင်ပါနဲ့၊ ဓာတ်လှေကားများ အသုံးမပြုပါနဲ့၊ အထပ်မြှင့်များမှ ခုန်ထွက်ခြင်းမပြုပါနဲ့။
ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် တာဝန်ရှိသူအဆင့်ဆင့်တို့၏ လုပ်ဆောင်ချက်နှင့် ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့် နည်းလမ်းများသိရှိနိုက်ခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်လာလျှင် အချိန်နှင့်တပြေးညီ ပြန်လည်တုန့်ပြန်နိုင်ရန် အသိပညာဗဟုသုတများ တိုးပွားလာပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဝက၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ Rescue ပရဟိတအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ပြီး ငလျင်အရေးကြုံလာပါက ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသကြသည်။
ဇာတ်တိုက်လေ့ကျင့်သရုပ်ပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်သူများတက်ရောက်ကြပြီး သရုပ်ပြသမှုအား လိုက်လံကြည့်ရှုအားပေးကာ သရုပ်ပြသကြသည့် ကယ်ဆယ်ရေးအဖွဲ့များအတွက် ပံ့ပိုးငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။