Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီး လွှတ်​​တော်​နဝမပုံမှန်​အစည်း​အ​ဝေး (စတုတ္ထ​နေ့)ကျင်းပပြုလုပ်

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီး လွှတ်​​တော်​နဝမပုံမှန်​အစည်း​အ​ဝေး (စတုတ္ထ​နေ့)ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၉
====================================

ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ(၇၅)ဦးရှိပြီး (၆၇)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြားကာ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအားမေးမြန်းရာ သက်ဆိုင်ရာ အစိုးရအဖွဲ့၀င်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှပြန်လည်ဖြေကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတိုးနှင့်ပက်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးခိုင် ကဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီ အတွင်းရေးမှူး ဦးသူရဇော် ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးသက်စိန် ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလည်းကောင်း တိုင်းဒေသကြီးလွှတ်တော်သို့ အသီးသီးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ရပ်နားကြောင်းနှင့် ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေငြာကြောင်းသိရသည်။