Home / ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

index

ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ဥပဒေ၊ နည်းဥပဒေနှင့် ဌာနသမိုင်း

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရည်မှန်းချက်

        ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ပြဌာန်းခဲ့သော မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒတွင် ဖော်ပြပါရှိသည့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကိုကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေ၊ မြေ၊ သစ်တော၊ ဓါတ်သတ္တု၊ အဏ္ဏဝါသယံဇာတနှင့် အခြားသဘာဝ သယံဇာတ ပစ္စည်းများကို ထုတ်ယူသုံးစွဲရာတွင် သင့်လျော်ကောင်းမွန်စေရန်၊ ပြည်သူတရပ်လုံး၏ လူနေမှုအဆင့် အတန်းကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များတွင် ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ကိုရရှိစေရန်နှင့် ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ်ဆက်များ၏ အကျိုးငှာ သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်ဟူသည့် အချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရည်ရွယ်ချက်

မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်ပါသည်။

နိုင်ငံတော်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးဟူသောကဏ္ဍသုံးရပ်ကို သဟဇာတဖြစ်စွာနှင့် ဟန်ချက်ညီမျှစွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရန်ရည်ရွယ်ပါသည်။

 

နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ

နိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အောင်မြင်စွာ နှင့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အောက်ပါ ဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်ပြဌာန်းခဲ့ပါသည်-

(က)   ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ       (၂၀၁၂)

(ခ)    ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ         (၂၀၁၄)

(ဂ)    ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း        (၂၀၁၅)

(ဃ)   အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ          (၂၀၁၅)

 

ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ

        ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးကို ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် ပဲခူးမြို့၊ အောင်မြေသာရပ်ကွက်တွင် စတင်ဖွင့် လှစ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တွင် ဌာနခွဲ (၄)ခုရှိပြီး ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   စီမံရေးရာနှင့်ငွေစာရင်းဌာနခွဲ

(ခ)    မူဝါဒ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့်လေ့ကျင့်သုတေသနဌာနခွဲ

(ဂ)    ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာနခွဲ

(ဃ)   သယံဇာတထိန်းသိမ်းရေးနှင့်ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာနခွဲ

 

(က)  စီမံရေးရာနှင့်ငွေစာရင်းဌာနခွဲ

        ဤဌာနသည် ရုံးဝန်းထမ်းရေးရာကိစ္စရပ်များ၊ အခြားစီမံရေးရာကိစ္စရပ်များနှင့် ခွဲဝေချထားပေးသော ငွေလုံးငွေရင်းနှင့် သာမန်အသုံးစရိတ်များအား စနစ်တကျနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရသောဌာန ဖြစ်ပါသည်။

 

(ခ)   မူဝါဒ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့်လေ့ကျင့်သုတေသနဌာနခွဲ

ဤဌာနသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ပြည်သူလူထုများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ သိမြင်တိုးတက် ပြန့်ပွား စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရသော ဌာနဖြစ်ပါသည်။