Home / ဆင်စခန်းများ(ခရီးသွားလမ်းညွှန်)

ဆင်စခန်းများ(ခရီးသွားလမ်းညွှန်)

သဘာဝခရီးသွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း

Hotel

မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းအား (၁၀)နှစ်ရပ်နားထားရန် စီစဉ်လျက်ရှိသည်ဖြစ်ရာ သစ်ထုတ်ရေးဌာနအနေဖြင့် သစ်ထုတ်လုပ်ငန်း ဆောင်ရွက်ခြင်းအစား ပဲခူးတိုင်းဒေသကြီး အတွင်းစီးပွားဖြစ် သစ်တောစိုက်ခင်းများ ထူထောင်ရန်နှင့်တဖက်တွင်လည်း သစ်ထုတ်ရေး ဌာန၏ အဖိုးတန်ရတနာများဖြစ်သော ဌာနဆင်များဖြင့် ဆင်ထိန်းသိမ်းပြသရေးစခန်းများ ဖွင့်လှစ်၍ သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

(က)   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်ထုတ်ရေးဒေသများ ဆင်ထိန်းသိမ်းပြသရေး စခန်းများနှင့် ဆင်ဆေးရုံ

               

စဉ် စခန်းအမည် တည်နေရာ
ဖိုးကျားစခန်း

တောင်ငူ(မြောက်)သစ်ထုတ်ရေးဒေသ၊

သာဂရ-ကိုးပင် ပဲခူးရိုးမလမ်း

မြိုင်ဟေဝန်ဆင်စခန်း

 သာယာဝတီသစ်ထုတ်ရေးဒေသ

ရန်ကုန်တိုင်း/တိုက်ကြီးမြို့နယ်၊ ဥက္ကံကြိုးဝိုင်း

ဝင်္ဂဘော်ဆင်စခန်း  ပဲခူး(တောင်)သစ်ထုတ်ရေးဒေသ      ဘုရားကြီးမြို့ဘောနတ်ကြီးလမ်း၊      ဝင်္ဂဘော်ကျေးရွာအုပ်စု
မှော်ယောကြီးဆင်

စခန်း

 ပဲခူး(မြောက်)သစ်ထုတ်ရေးဒေသ၊ကျောက်တံခါးမြို့နယ်၊ အိုင်ဒုံကြိုးဝိုင်းအကွက် အမှတ်(၁၃)

ဆင်ဆေးရုံ   တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ       ခပေါင်းကြိုးပြင်ကာကွယ်တော၊     ဘုန်းတောင်ကြိုးဝိုင်း

(၁)     ဖိုးကျားဆင်စခန်း

PK

ဖိုးကျားဆင်စခန်းအား ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ Asia Green Co: သို့ ငှားရမ်းခဲ့ရာမှ ၁.၇.၂၀၁၄ တွင်ရပ်နားခဲ့ပြီး ယခုအခါ မြန်မာ့သစ်လုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူ(မြောက်)သစ်ထုတ်ရေးဒေသမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။  ရန်ကုန်မြို့မှ နေပြည်တော်သို့သွားသည့် အမြန် လမ်းမကြီး ၏ မိုင်တိုင်အမှတ်(၁၇၄)၊ သာဂရမြို့ လမ်းခွဲမှအမြန်လမ်း၏ လက်ဝဲဘက်သို့ ချိုးကွေ့၍ (၆)မိုင်ခန့်တွင်ရှိပါသည်။ သာဂရမြို့ မှ ကိုးပင်အထိ သွားသည့် ပဲခူးရိုးမဖြတ်လမ်းကြားတွင် ရှိပါသည်။ အဆိုပါလမ်းအား ၂၇-၃-၂၀၀၁ တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၀-၄-၂၀၀၁ တွင် လမ်းကြမ်းဖောက်လုပ် ပြီးစီးခဲ့ပါသည်။ စစ်ကြိုခေတ် ( ၁ လက်မ- ၁မိုင် )စကေး ပြ ကွန်တိုမြေပုံတွင် ဖိုးကျား သစ်တော ဗိုလ်တဲ (POKYAR FR.H)ဟု ရည်ညှန်းဖော်ပြထား၍ ၁၉၈၉ ခုနှစ်တွင် ဤဧရိယာတစ်ဝိုက် တွင် ကျွန်းစိုက်ခင်းများ တည်ထောင်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် သစ်လုပ်ငန်းစီမံကိန်း (၂)ကမ္ဘာ့ (ဘဏ်) စီမံကိန်းကာလအတွင်း သာဂရမှ ဖိုးကျားအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ကြမ်းလမ်းကို စတင်ဖောက်လုပ်ခဲ့ပါသည်။ သိုင်းချောင်းသည် စခန်း အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန်အတိုင်း ကွေးပတ်၍ အနောက်မြောက်မှ အရှေ့တောင်ဖက်သို့ စီးဆင်းပါသည်။ ဖိုးကျားစခန်းတွင် လာရောက်လည်ပတ်သူ များအား ဖျော်ဖြေရန် ဆင်(၇)ကောင်ထားရှိပြီး၊ ဆင်များရေချိုးခြင်း၊ ဆင် ‘က’ နှင့် သစ်ဆွဲကရိယာများ တပ်ဆင်ခင်းအား လော့လာခြင်း၊ ဆင်စီး၍တောတွင်း လှည့်လည်ခြင်း၊ သရုပ်ပြဆင်(၇)ကောင်၏ ဘောလုံးကန်ခြင်းအပါအဝင် အလှပြ ကကွက်များဖြင့် ဖော်ပြခြင်းများကိုလည်း လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ဖိုးကျားဆင်စခန်း၏ သဘာဝအလှအပများကြည့်ရှုရန်-

(၂)     မြိုင်ဟေဝန်ဆင်စခန်း

MHW

ရန်ကုန်တိုင်း/ တိုက်ကြီးမြို့နယ်  ဥက္ကံကြိုးဝိုင်းတွင် တည်ရှိ၍ ဖလုံကျေးရွာမှ ၁၂မိုင်၊ ရန်ကုန်မြို့မှ ၇၂ မိုင်ကွာဝေးသည်။ စခန်း ဧရိယာအကျယ်အဝန်း (၁၀.၀)ဧက ဖြစ်၍ ခရုချောင်းအနီးတွင် တည်ရှိ သည်။ စခန်းအား ၁၉၉၂ – ၁၉၉၃ ဘဏ္ဍာနှစ်မှ စတင်၍တည်ဆောက်ခဲ့ပြီး၊ အမိမဲ့ဆင်ကလေးများ ထိန်းသိမ်းပြုစုခြင်း၊ မကျန်းမာ သောဆင်များအား ကုသခြင်း၊ တောဆင်ရိုင်း ဖမ်းဆီးလေ့ကျင့်ခြင်းနှင့်ဆင် သုတေသနလုပ်ငန်းစသည်များကို ဆောင်ရွက် လျက်ရှိပြီး သဘာဝကို အခြေခံ သောခရီးသွားလုပ်ငန်း (Ecotourism) အတွက် ရည်ရွယ်ကာ တည်ဆောက်ခြင်းဖြစ်ပါသည်။ ဆင် စခန်းသို့ရန်ကုန်မှ ဖလုံတာဆုံ ၆၀ မိုင် (ကတ္တရာလမ်း)၊  ဖလုံတာဆုံမှ မြိုင်ဟေဝန်သို့ ၁၂ မိုင် တောတွင်းလမ်းဖြစ်ပါသည်။ သာယာဝတီ သစ်ထုတ်ရေးဒေသမှသွားရောက်ပါက  ဖလုံတာဆုံသို့  ကတ္တရာလမ်း ( ၁၈ ) မိုင် ရှိပါသည်။  အဆိုပါ ဆင်စခန်းအား ၁၅-၅-၂၀၁၂ နေ့တွင် Asia Green Co; မှ ဌာနသို့ပြန်လည်အပ်နှံခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီ သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။

မြိုင်ဟေဝန်ဆင်စခန်း၏သဘာဝအလှအပများ ကြည့်ရှုရန်-

(၃)     ဝင်္ဂဘော်ဆင်စခန်း

WKB

ဝင်္ဂဘော်ဆင်စခန်းအား ပဲခူး(တောင်) သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး( အရှေ့ ) ဘုရားကြီးမြို့ဝင်္ဂဘော်ကျေး ရွာအုပ်စု၊ ဘောနတ်ကြီးလမ်းပေါ်တွင်တည်ရှိပါသည်။ မြေဧက(၈၆.၀၁)ဧကကျယ်ဝန်းပြီး ၂၀၁၃ ခုနှစ်မှစတင်၍ ဆင်ထိန်းသိမ်းပြသရေးစခန်းအဖြစ် ထူထောင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ ဆင်ထိန်းသိမ်းပြသရေးစခန်းတွင် သရုပ်ပြဆင်(၃)ကောင်ဖြင့်စတင် လေ့ကျင့်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအား ဆင်များ၏သဘာဝဓလေ့ စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။ ဆင်စခန်းအတွင်း ဆင်များ၏ တောသဘာဝနှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ သစ်ပင်ကြီးများစိုက်ပျိုးခြင်း၊ သဘာဝ ဆင်စာပင်နှင့် ပြည်ပ နိုင်ငံမှတင်သွင်းသည့် နေဗီယာမြက်များစိုက်ပျိုး လျက်ရှိပါသည်။ အနာဂတ်တွင် ဆင်ကောင်ရေထပ်မံတိုးချဲ့၍ ဆင်ထိန်းသိမ်းပြသရေးစခန်းကြီးအဖြစ် ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဝင်္ဂဘော်ဆင်စခန်း၏ သဘာဝအလှအပများ ကြည့်ရှုရန်

(၄)     မှော်ယောကြီးဆင်စခန်း

MYK

မှော်ယောကြီးဆင်စခန်းအား ပဲခူး(မြောက်)သစ်ထုတ်ရေး ဒေသမှ တာဝန်ယူ ဆောင်ရွက်ရှိပြီး ၁၉၉၇-၉၈ ခုနှစ်များကပင် ဆင်စခန်းအား စတင်ထားရှိပါသည်။ မှော်ယောကြီးဆင်စခန်းသည် ကျောက်တံခါးမြို့နယ် အိုင်ဒုံကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ မှော်ယောကြီးချောင်းနှင့် မှော်ယောလေးချောင်းကြားတွင် တည်ရှိပါ သည်။ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၅)မိုင် (၄)ဖာလုံမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပဲခူးရိုးမမှ တောင်ခြေသို့(၁)မိုင်ခန့် ကွာဝေးပါသည်။ အမြန်လမ်း(၁၁၅)မိုင်နားနေစခန်းမှ (၁၀)မိုင်ခန့်ကွာဝေးပြီး အချိန်(၁၅)မိနစ်ခန့် သွားရပါသည်။ ရန်ကုန်/မန္တလေးလမ်းဟောင်းမှလာမည်ဆိုပါက ညောင်ပင် သာမြို့မှ အမြန်လမ်း(၁၀၇)မိုင် (under pass) အတိုင်းလာရပါမည်။ မိုးတွင်းကာလတွင် (၁၅)မိနစ်ခန့်လမ်းလျှောက်ရမည်ဖြစ်ပြီး ပွင့်လင်းရာသီတွင်ဆင်စခန်း အရောက် ကားဖြင့်သွားရောက်နိုင်ပါသည်။ ဆင်စခန်း ဧရိယာမှာ(၂.၃၈)ဧက ကျယ်ဝန်းပြီး ဆင်ကောင်ရေ(၁၆)ကောင်ရှိပါသည်။ ခရီးသွား ဧည့်သည်များအား ဆင်များ၏ သဘာဝ ဓလေ့စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

မှော်ယောကြီးဆင်စခန်း၏ သဘာဝအလှအပများ ကြည့်ရှုရန်

(၅)    ဆင်ဆေးရုံ

Hospital(Elephant)

တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ၊ ဆင်ဆေးရုံအား တောင်ငူခရိုင် အုတ်တွင်း မြို့နယ်၊ အုတ်တွင်းပေါက်ခေါင်းကားလမ်း၏ အရှေ့ဘက်ခပေါင်းကြိုးပြင် ကာကွယ်တောခုတ်ကွက်ကြီးအမှတ်(XVII)မှ ဧရိယာ(၆၁၇)ဧကနှင့် ဘုန်းတောင် ကြိုးဝိုင်းအကွက်အမှတ်(၃၃ မှ ၄၀၊ ၄၂၊ ၄၇) ဧရိယာ(၄၄၂၄)ဧက၊ စုစုပေါင်း (၅၀၄၁)ဧကအား သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြ၍ တည်ဆောက် ထားပါသည်။ ဆင်ဆေးရုံသည် တောင်ငူမြို့မှ(၃၆)မိုင်၊ အုတ်တွင်းမြို့မှ(၂၆)မိုင် ကွာဝေးပြီး၊ အုတ်တွင်းပေါက်ခေါင်း မဟာဗျူဟာလမ်းဘေး မိုင်တိုင်အမှတ် (၉၉/၆)မှ အတွင်းသို့(၃)မိုင်ခန့်သွားရောက်ရပါသည်။ ဆင်ဆေးရု့အား အထွေထွေ (မန်နေဂျာ) သစ်ထုတ်ရေးရုံးချုပ်၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင်စတင် ဆောက်လုပ်ခဲ့ပါသည်။ ဆင်ဆေးရုံတွင် ပင်မဆေးကုသဆောင်(၁)ခု၊ အရန်ဆင် ဆေးကုသဆောင်(၁)ခု၊ ဆင်စခန်းရိပ်သာ(၁)ခု၊ ဆင်ဝန်ထမ်းနေအိမ်(၃၀)လုံး ဆောက်လုပ်ပြီးဖြစ်ပါသည်။ ဆင်ဆေးရုံအနီးတဝိုက်နှင့်ပတ်ဝန်းကျင် တွင် ဆင် နာရုံဆင်ဝိုင်း(၁)၊ ဝန်တင်ဆင်ဝိုင်း(၂)ဝိုင်းရှိပြီး ရေ/မီးအတွက် အဝီစိတွင်း (၃)တွင်း၊ ရေကန်ကြီး(၁)ကန်၊ ရေကန်အသေး(၄)ကန်ရှိပြီး ဆင်ဝန်ထမ်း အိမ်များ ဆိုလာ စနစ်ဖြင့် မီးပေးထားပါသည်။ ထို့အပြင် ဆင်ဆေးရုံချောင်း တစ်ဘက် ကမ်း၌ဆင်နားနေဆောင်(၂)ဆောင်နှင့် ဆင်ဆေးရုံစာသင်ကျောင်း (၁)ကျောင်းကို ဆောက်လုပ်ပြီးဖြစ်ပါသည်။ ဆင်ဆေးရုံ ဧရိယာအတွင်း ကျွန်းနှင့်အရိပ်ရ သစ်ပင်များ၊ နေဗီယာမြက် စိုက်ပျိုးခြင်းများ အပါအဝင် ဆင်ဆေး ကုသခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

ဆင်ဆေးခန်း မှတ်တမ်းများ ကြည့်ရှုရန်