Home / ပဲခူးတိုင်းဒေသကြီးမြန်မာ့အာမခံလုပ်ငန်း

ပဲခူးတိုင်းဒေသကြီးမြန်မာ့အာမခံလုပ်ငန်း

Myanma-InsuranceLogo-300-dpi

မြန်မာ့အာမခံလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း

 

နိဒါန်း

မြန်မာ့အာမခံလုပ်ငန်းသည် အာမခံလုပ်ငန်း အမျိုးမျိုးကို တာဝန်ယူ ဆောင်ရွက် ပေးသည့် ဌာနအဖွဲ့အစည်းဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးတိုင်းဒေသကြီး ရုံး၊ တောင်ငူခရိုင်ရုံး၊ ပြည်ခရိုင်ရုံးနှင့် သာယာဝတီခရိုင်ရုံးများ ပါရှိပြီး၊ ခရိုင်အလိုက် လုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျှက်ရှိပါသည်။

ရည်ရွယ်ချက်

မြန်မာ့အာမခံလုပ်ငန်းသည် မမျှော်လင့်သော ဘေးအန္တရာယ်များကြောင့် ပြည်သူ များကြုံတွေ့နိုင်သည့် လူမှုရေး၊ စီးပွားရေး၊ နစ်နာဆုံးရှုံးမှုများကို ငွေကြေးအားဖြင့် အထောက်အကူပြုစေရန်နှင့် ထိုသို့ လက်ခံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ များကို တိုးတက်ရရှိစေပြီး၊ နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုသည့်နည်းတူ အာမခံထားရှိသူများ၏ ဆုံးရှုံးမှုများ ရင်းစားပြန်လည်ရရှိစေရန် အတွက် အထောက်အကူပေးခြင်းအားဖြင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဖြည့်စွမ်းပေး လျှက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့အာမခံလုပ်ငန်းများမှ ဆောင်ရွက်ပေးလျှက် ရှိသည့် အာမခံလုပ်ငန်းများမှာ –

(က)   အသက်အာမခံလုပ်ငန်း

(ခ)    သူတပါးထိခိုက်မှုအာမခံလုပ်ငန်း

(ဂ)    မီးနှင့်အထွေထွေအာမခံလုပ်ငန်း

(ဃ)   ခရီးသွားအာမခံလုပ်ငန်း

(င)    ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်းတို့ဖြစ်ပါသည်။

(က)   အသက်အာမခံလုပ်ငန်း

အသက်အာမခံလုပ်ငန်းဆိုသည်မှာ လူ့အသက်အတွက် ထားရှိသည့် အာမခံစာချုပ် အရ အာမခံထားငွေကို ထုတ်ပေးရန် တာဝန်ယူခြင်းဖြစ်ပါသည်။ အသက်အာမခံဥပဒေ အပိုဒ်(၁၃)အရ အသက်(၅၀)နှစ် မပြည့်သေးသည့် ပြည်သူ့ဝန်ထမ်းတိုင်း အသက်အာမခံ မထားမနေရ ထားရှိရမည်ဟု ပြဌာန်းထားရှိပါသည်။

အသက်အာမခံလုပ်ငန်းများမှာ

(၁)     ပြည်သူ့ဝန်ထမ်းအသက်အာမခံ

(၂)     တပ်မတော်ဝန်ထမ်း အသက်အာမခံ

(၃)     ပြည်သူ/ပြည်သား အသက်အာမခံ

(၄)     စုပေါင်းအသက်အာမခံ

(၅)    သင်္ဘောသား အသက်အာမခံ

(၆)    မြန်မာနိုင်ငံသား(တရားဝင်) ပြည်ပလုပ်သားအသက်အာမခံ

(၇)     အားကစားသမားအသက်အာမခံ

(၈)    မြွေအန္တရာယ်အသက်အာမခံ

(၉)    ကျန်းမာရေးအာမခံတို့ဖြစ်ပါသည်။

(၁)     ပြည်သူ့ဝန်ထမ်းအသက်အာမခံ

–        အသက်(၁၈)နှစ်မှ (၅၅)နှစ်အထိရှိသည့် ပြည်သူ့ဝန်ထမ်းများ အသက် အာမခံထားရှိနိုင်ပါသည်။

အာမခံထားငွေ

–        အာမခံထားငွေအနေဖြင့်အများဆုံးကျပ်သန်း(၃၀)အထိ ထားရှိနိုင်ပါသည်။

–        အသက်(၁၈)နှစ်မှ အသက်(၅၀)နှစ်ထိရှိ ဝန်ထမ်းများနှင့် အာမခံထားငွေ ကျပ်(၁)သန်းအထိ ထားရှိသူများသည် ဆေးစစ်စရာမလိုဘဲ အာမခံထားရှိ နိုင်ပါသည်။

–        အသက်(၅၀)နှစ် ကျော်သူ ဝန်ထမ်းများနှင့် အာမခံထားငွေကျပ်(၁)သန်း အထက်ထားရှိလိုသူ ဝန်ထမ်းများအား အထူးကု ဆရာဝန်နှင့် ဆေးစစ် ပြီးမှ လက်ခံမှာဖြစ်ပါသည်။

–        အသက်(၅၀)နှစ်ပြည့်ပြီးသည့် ဝန်ထမ်းများအား အသက်အာမခံ မထားလို ပါက ကင်းလွတ်ခွင့်ပြုပါသည်။

အသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ-

(၁)     ချေးငွေထုတ်ယူနိုင်ခြင်း

(၂)     အမ်းငွေထုတ်ယူနိုင်ခြင်း

(၃)     ထာဝစဉ် မစွမ်းမသန်ငွေထုတ်ယူနိုင်ခြင်း

(၄)     သေဆုံးမှုခံစားခွင့်ငွေထုတ်ယူနိုင်ခြင်း

(၅)    နှစ်စေ့ငွေ ထုတ်ယူနိုင်ခြင်းတို့ဖြစ်ပါသည်။

(၂)     တပ်မတော်ဝန်ထမ်းအသက်အာမခံ

–        အသက်(၁၈)နှစ်မှ အသက်(၅၅)နှစ်အထိ အသက်အာမခံထားရှိနိုင်ပါသည်။

အာမခံထားငွေ

–        အများဆုံး ကျပ်သန်း(၃၀)ထိ ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

–        (၃)နှစ်၊ (၅)နှစ်၊ (၁၅)နှစ်ဖြင့် ထားရှိနိုင်ပါသည်။

–        မိမိထားရှိသည့် သက်တမ်းပြည့်သည့်အခါ အာမခံထားငွေကို ပြန်လည် ထုတ်ယူနိုင်ပါသည်။

–        အာမခံသက်တမ်း မပြည့်သေးခင် သေဆုံးခဲ့ပါလျှင် အာမခံထားငွေအတိုင်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

(၃)     ပြည်သူ/သား အသက်အာမခံလက်ခံဆောင်ရွက်ခြင်း

–        အသက်(၁၀)နှစ်မှအသက်(၅၅)နှစ်အထိရှိ ပြည်သူ/သားများအသက်အာမခံ ထားရှိနိုင်ပါသည်။

–        အာမခံသက်တမ်းမှာ အနည်းဆုံး (၅)နှစ်သက်တမ်းဖြစ်ရမည်။

–        အာမခံထားငွေအနည်းဆုံး ကျပ်(၅)သောင်း၊ အများဆုံး ကျပ်သန်း(၃၀) အထိ ထားရှိနိုင်ပါသည်။

–        ပြည်သူ/သား အသက်အာမခံထားသူတိုင်းဆေးစစ်ရပါမည်။

(၄)     စုပေါင်းအသက်အာမခံလက်ခံဆောင်ရွက်ခြင်း

–        အနည်းဆုံး အလုပ်သမား(၅)ဦး ထားရှိရမည်။

–        အသက်(၁၈)နှစ်မှ အသက်(၆၀)နှစ်အတွင်း ရှိသူဖြစ်ရမည်။

–        အလုပ်ရှင်မှသော်လည်းကောင်း(သို့) လုပ်သားများဆန္ဒအလျောက်သော် လည်းကောင်း အာမခံထားနိုင်ပါသည်။

–        အသက်(၁၈)နှစ်မှ အသက်(၄၅)နှစ်ထိနှင့် အာမခံထားငွေကျပ်(၁)သန်း အထိကို ဆေးစစ်ခြင်း ကင်းလွတ်ခွင့်ပြု၍ လက်ခံပါသည်။

–        အသက်(၄၅)နှစ် ကျော်လျှင်သော်လည်းကောင်း၊ အာမခံထားငွေကျပ်(၁) သန်း အထက်ကျော်လည်းသော်လည်းကောင်း ဆေးစစ်ချက် တင်ပြရပါ မည်။ ဆေးစစ်ခကို အာမခံထားသူမှ ကျခံရပါမည်။

မြွေအန္တရာယ်အသက်အာမခံလုပ်ငန်းလက်ခံဆောင်ရွက်ခြင်း

ရည်ရွယ်ချက်

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်သာမက အချို့မြို့ပေါ်ရပ်ကွက် များ တွင် နေရာမရွေး၊ မြွေအန္တရာယ်နှင့်ကြုံတွေ့နိုင်ပါသည်။ ပြည်သူများ မြွေအန္တရာယ် ကြုံတွေ့ရပါက ဆေးမြီးတိုဖြင့် ကုသနေမည့်အစား-

(က)   ကျန်းမာရေးဌာနများကို ယုံကြည်အားကိုးမှုပြုလာစေရန်။

(ခ)    ဆေးဝါးကုန်ကျမှုစရိတ် လုံလောက်စွာရရှိစေရန်။

(ဂ)    အသက်ဆုံးရှုံးမှုရှိပါက ငွေရေးကြေးရေးအထောက်အကူရစေရန်။

(ဃ)   တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရရှိစေရန်တို့ကို ရည်ရွယ် ပါသည်။

ပရီမီယံနှုန်းထားနှင့် အကျိုးခံစားခွင့်

–        မြွေအန္တရာယ်အာမခံလုပ်ငန်း၏ပရီမီယံနှုန်းထားနှင့် အကျိုးခံစားခွင့်မှာအောက်ပါ အတိုင်းဖြစ်ပါသည်။

ပရီမီယံနှုန်း

–        တစ်ဦးလျှင်တစ်ယူနစ်အတွက် ကျပ်(၅၀၀)နှုန်းဖြင့်(၁၀)ယူနစ်ဝယ်ယူနိုင်ပါသည်။

အာမခံသက်တမ်း

–        တစ်နှစ်ဖြစ်ပါသည်။

အကျိုးခံစားခွင့်(တစ်ယူနစ်လျှင်)

–        သေဆုံးလျှင် ကျပ်(၅)သိန်းတိတိ

–        မျက်စေ့(၂)ဖက်ကွယ်လျှင် ကျပ်- ၂၅၀၀၀၀/-

–        ကိုယ်တစ်ပိုင်းသေခြင်းအမျိုးမျိုး ကျပ်- ၂၅၀၀၀၀/-

–        ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်း ကျပ်-၄၀၀၀၀/-

–        ဆေးဝါးကုသစရိတ်အများဆုံး     ကျပ်- ၈၀၀၀၀/-

မှတ်ချက်

မြွေကိုက်ခံရသူသည် ကျေးလက်ကျန်းမာရေးဆေးခန်း၊ တိုက်နယ်ဆေးခန်း၊ မြို့နယ်ဆေးခန်းတို့တွင် တက်ရောက်ကုသမှသာလျှင် ဆေးဝါးကုသစရိတ်ရရှိခံစားရပါ သည်။

သူတစ်ပါးထိခိုက်မှုအာမခံ

ရည်ရွယ်ချက်

စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်ခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုများအတွက် ဥပဒေတစ်ရပ်ရပ်အရ လျော်ကြေးပေးရန်ရှိသည့် တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှပခုံးလွှဲပြောင်းယူခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုသင့်ပါသည်။

တစ်နည်းအားဖြင့် မိမိ၏ စက်တပ်ယာဉ်ဖြင့် သူတစ်ပါး ထိခိုက်ပျက်စီးဆုံးရှုံး ခြင်းအတွက် ပေးလျော်ရန် ပေါ်ပေါက်နိုင်သည့် တာဝန်ကို အာမခံထားခြင်းဖြင့် အကာ အကွယ်ယူခြင်းပင်ဖြစ်ပါသည်။

သူတစ်ပါးထိခိုက်မှာအာမခံဥပဒေ

–        ၁၉၇၆ခုနှစ်၊ ပြည်သူ့လွှတ်တော်နည်းဥပဒေများအမှတ်၄ ဖြင့် နိုင်ငံတော်အတွင်းရှိ စက်တပ်ယာဉ်အားလုံးအား သူတစ်ပါးထိခိုက်မှုအာမခံထားရှိရန် နည်းဥပဒေ များ ကို ပြဌာန်းခဲ့ပါသည်။ ယင်းနည်းဥပဒေနှင့်အညီ မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ် ပိုင်ရှင်များက သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ ထားရှိရမည်ဖြစ်ပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံထားရန် အကျုံးဝင်သော စက်တပ်ယာဉ်များ

–        သူတစ်ပါးထိခိုက်မှု အာမခံနည်းဥပဒေအရ မီးရထား၊ ရေယာဉ်၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်တပ်စက်ဘီး၊ လယ်ထွန်စက်၊ မြေတူးစက်၊ မြေသယ်စက်၊ လမ်းကြိတ်စက်၊ဝန်ချီစက်နှင့်အလားတူစက်များစသည်ဖြင့် ယာဉ်အားလုံးအကြုံး ဝင်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကင်းလွတ်ခွင့်ပြုသော ယာဉ်မရှိပါ။

အာမခံထားရှိရမည့်သူများ

(က)   ယာဉ်ပိုင်ရှင် (ယာဉ်လိုင်စင်)

(ခ)    ယာဉ်မောင်း (ယာဉ်မောင်းလိုင်စင်)

(ဂ)    ယာဉ်နောက်လိုက် (ယာဉ်နောက်လိုက်လိုင်စင်)

အာမခံကြေး ပေးသွင်းရမည့်အချိန်

–        စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုးလဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တစ်နှစ်တစ်ကြိမ် ပေးသွင်းရပါမည်။

စက်တပ်ရေယာဉ်လက်ခံဆောင်ရွက်ခြင်း

–        အလျားပေ(၃၀)အထက် (စက်မြင်းကောင်ရေ၂၀အထက်) ရေယာဉ်များအတွက် ပရီမီယံကောက်ခံခြင်းကိုရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်အလျား ပေ(၃၀)အထိ(စက်မြင်းကောင်ရေ၂၀)အထိ)ရေယာဉ်များအတွက် ပရီမီယံကောက်ခံ ခြင်းကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံဆောင်ရွက် ပေးလျှက်ရှိပြီး၊ ကောက်ခံရရှိသည့် ပရီမီယံပေါ်မှ ၁၀% ကော်မရှင်ပေးချေပါ သည်။

နစ်နာကြေးတောင်းခံခြင်း

စက်တပ်ယာဉ် ထိခိုက်မှုကြောင့် သေဆုံးမှုဖြစ်ပွားလျှင် မည်သူမဆို သေဆုံးမှု အတွက် တစ်ဦးလျှင် အများဆုံး နစ်နာကြေး ကျပ်(၁၀၀၀၀၀၀/-) ပေးလျော်ပါသည်။ နစ်နာကြေးတောင်းခံခြင်းကို ထိခိုက်မှု ဖြစ်ပွားသည့်နေ့မှစ၍ (၁၂)လအတွင်း တောင်းခံရ မည်ဖြစ်ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်ပိုင်ရှင်များ၏ဆန္ဒအရ အလုံးစုံ မော်တော်ယာဉ်ထိခိုက်မှုအာမခံ ကို ထပ်မံထားရှိနိုင်ပါသည်။

အလုံးစုံမော်တော်ယာဉ် အာမခံဆိုသည်မှာ မော်တော်ယာဉ်ထိခိုက်မှုကြောင့် ဖြစ်ပေါ်တတ်သည့် လူမှုရေး၊ စီးပွားရေး၊ နစ်နာဆုံးရှုံးများကို ငွေကြေးအထောက်အပံ့ ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားငွေ

–        အာမခံထားမည့် ယာဉ်တန်ဘိုးဖြစ်ပါသည်။

–        ယာဉ်အသက်များအတွက် အဝယ်ပြေစာပါတန်ဘိုး(Invoice Value) ဖြစ်၍

–        ယာဉ်အဟောင်းများအတွက် ကာလပေါက်စျေး(Market Value)ဖြင့်ထားရှိ ရပါ မည်။

–        ယာဉ်တွင် အပိုပစ္စည်းများဖြစ်သည့် ရေဒီယို၊ ကတ်ဆက်၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်းများတပ်ဆင်ထားရှိပါက တန်ဘိုးသီးခြားဖော်ပြ၍ ယာဉ်တန်ဘိုးနှင့် တစ်ပေါင်းည်းထားရှိနိုင်ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

–        အမျိုးမျိုးသော မတော်တဆ ထိခိုက်မှုများကြောင့် ပျက်စီးခြင်း၊ တိမ်းမှောက်ခြင်း

–        ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျခြင်း

–        မီးလောင်ပျက်စီးခြင်း

–        ယာဉ်မလိုတမာဖျက်ဆီးခံရခြင်း

–        ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ် ပျက်ဆီးခြင်း

–        သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ဆူပူထကြွမငြိမ်မသက်ဖြစ်ခြင်းကြောင့် ဖျက်ဆီးခြင်း

–        ယာဉ်ထိခိုက်ပျက်စီးမှု ဖြစ်ပွားပါက အနီးစပ်ဆုံး ဝပ်ရှော့(သို့) လုံခြုံရာနေရာသို့ ဆွဲယူသွားရပါက ယာဉ်ဆွဲယူစရိတ်အများဆုံးကျပ်(၁)သိန်းရရှိနိုင်ခြင်း။

–        ပိုင်ရှင်တစ်ဦးတည်းမှ အာမခံထားသည့် ယာဉ်(၁၀)စီးနှင့် (၁၀)စီးအထက် တစ် ကြိမ်တည်း အာမခံထားလျှင် အုပ်စု(fleet)ဟု သတ်မှတ်၍ အခြေခံပရီမီယံပေါ် တွင် ၁၀% လျော့၍ ကောက်ခံပါသည်။

မီးနှင့်အင်ဂျင်နီယာအာမခံလက်ခံဆောင်ရွက်ခြင်း

ရည်ရွယ်ချက်

မီးအာမခံလုပ်ငန်းသည် နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်လုပ်ငန်းများပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ၊ စက်ကိရိယာများ၊ ကုန်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ မီးနှင့်အခြားဘေးအန္တရာယ်များကြောင့် ပျက်ဆီးဆုံးရှုံးပါက ယင်းဆုံးရှုံးမှုကို ပြန်လည်ထူထောင်ရာတွင် အထောက်အကူ ပြုရန်ဖြစ်ပါသည်။

အာမခံထားနိုင်သည့်အကြောင်းအရာ

–        အာမခံထားနိုင်သည့် ပစ္စည်းဆိုသည်မှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်းများဖြစ်သည့် အဆောက်အဦးများ စက်ပစ္စည်းများ၊ ကုန်ပစ္စည်း များ၊ ပရိဘောဂများနှင့် လုပ်ငန်းသုံးပစ္စည်းများ ဖြစ်ပါသည်။

အာမခံထားငွေ

အာမခံထားလိုသူက အာမခံထားရန် အဆိုပြုတင်ပြသည့် ပစ္စည်း၏တန်ဘိုးကို ဆိုလိုပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းကို (၁၀)ရက်မှ (၁)နှစ်သက်တမ်းအထိ ထားရှိနိုပါသည်။

ရေကြောင်းကုန်ပစ္စည်းအာမခံလက်ခံ ဆောင်ရွက်ခြင်း

ရေယာည်များဖြင့်သယ်ဆောင်သည့် ကုန်ပစ္စည်းများ၊ တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ရေကြောင်းအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

ခရီးသွားအာမခံလက်ခံဆောင်ရွက်ခြင်း

ရည်ရွယ်ချက်

ခရီးသွားအာမခံလုပ်ငန်း၏ ရည်ရွယ်ချက်မှာ

(က)   နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိစေရန်

(ခ)    ခရီးသွားပြည်သူများ ခရီးစဉ်တွင် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ကျန်ရစ်သူ မိသားစုများအတွက် အားကိုးရာမဲ့မဖြစ် စေဘဲ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန်ဖြစ်ပါသည်။

ခရီးမိုင်(၁၀၀)အထိ ခရီးသွားအာမခံလက်ခံဆောင်ရွက်ခြင်း

–        ခရီးသည်တစ်ဦးအတွက် ကျသင့်ပရီမီယံနှုန်းထားမှာ အနည်းဆုံးကျပ်(၁၀/-)မှ အများဆုံး ကျပ်(၁၀၀/-)ဖြစ်ပါသည်။

–        ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုအတွက်ပရီမီယံကျပ် (၁၀/-)ပေါ်တွင် လျော်ကြေးကျပ်(၁)သိန်းရရှိမှာဖြစ်ပါသည်။

–        ပရီမီယံကျပ်(၁၀၀/-)ပေါ်တွင် လျော်ကြေးကျပ်(၁၀)သိန်းရရှိမှာဖြစ်ပါသည်။

ခရီးမိုင်(၁၀၀)အထက် အထူးခရီးသွားအာမခံလုပ်ငန်း လက်ခံဆောင်ရွက်ခြင်း

–        ခရီးသည်(၁)ဦးအတွက် ကျသင့်ပရီမီယံနှုန်းထားမှာ ကျပ်(၃၀၀/-)ဖြစ်ပါသည်။

–        ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုအတွက် အကျိုးခံစားခွင့် ငွေကျပ်သိန်း(၃၀)ရရှိမှုဖြစ်ပါသည်။

–        ဒဏ်ရာရရှိခဲ့လျှင် ဒဏ်ရာပေါ်မူတည်၍ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါသည်။

နိဂုံး

ကမ္ဘာလောကကြီးမှာ နေထိုင်သောလူသားများသည် အန္တရာယ်မျိုးစုံနှင့် နေ့စဉ် ရင်ဆိုင်နေကြရပါသည်။ သဘာဝဘေးအန္တရာယ်တွေ၊ လူ့ပယောဂကြောင့်ဖြစ်သော အန္တရာယ်များ၊ စီးပွားရေးနှင့်ပတ်သက်ဆက်နွယ်သော အန္တရာယ်များကို ကမ္ဘာဦးအစကပင် ယနေ့အထိ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရပါသည်။

ထိုသို့သော အန္တရာယ်များကြောင့် ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်နိုင်ရန် အကောင်းဆုံးနည်းလမ်းသည် အာမခံထားခြင်းသာဖြစ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းသည် ပြည်သူတို့၏ အသက်အိုးအိမ်၊ ပိုင်ဆိုင်တဲ့ပစ္စည်း၊ တာဝန်ရှိမှုတို့နှင့်ပတ်သက်၍ ဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့ပါက အာမခံစနစ်အားဖြင့် လျော်ကြေးပေးရန် တာဝန်ယူဆောင်ရွက်ရ သည့်ဌာနဖြစ်ပြီး၊ အာမခံလုပ်ငန်းများကိုလက်ခံဆောင်ရွက်ပေးခြင်းဖြင့်ရရှိသည့် ပရီမီယံ ဝင်ငွေများသည်လည်း နိုင်ငံတော်၏ဘဏ္ဍာငွေကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနေသည့် လုပ်ငန်းဌာနကြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှု၍ အာမခံလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း တင်ပြအပ်ပါသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့အာမခံလုပ်ငန်းရုံးများ၏(၁.၄.၂၀၁၆ မှ ၃၁.၇.၂၀၁၆)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ

( ပဲခူး+တောင်ငူ+ပြည်+သာယာဝတီ )

စဉ် လုပ်ငန်းစီမံချက်အမည် ၂၀၁၆-၂၀၁၇

လျာထား

ဝင်ငွေရရှိမှု ဝင်ငွေရရှိမှု

အောင်မြင်မှု%

မှတ်ချက်
အသက်အာမခံ ၃၂.၅၂၇ ၂၀.၆၆၀ ၆၃.၅၂%
သူတပါးထိခိုက်မှုအာမခံ ၁၀၆.၄၉၉ ၂၂၂.၃၁၆ ၂၀၈.၇၅%
မီးနှင့်အထွေထွေအာမခံ ၃၃၅.၉၆၀ ၁၃၅.၂၀၇ ၄၀.၂၄%
ခရီးသွားအာမခံ ၂၁.၀၄၇ ၁၀.၆၅၅ ၅၀.၆၂%
ရေကြောင်းအာမခံ ၁.၁၉၉ ၀.၂၈၀ ၂၃.၃၅%
စုစုပေါင်း ၄၉၇.၂၃၂ ၃၈၉.၁၁၈ ၇၈.၂၆%