Home / စီမံကိန်းရေးဆွဲရေးဦးစီးဌာန

စီမံကိန်းရေးဆွဲရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန

ရည်မှန်းချက်

(က)   ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ရည်မှန်းချက်များနှင့် အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းများ ရေးဆွဲရန်၊

(ခ)    စာရင်းအင်းအရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန် စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်းကိန်းများကို ပြည့်စုံအောင်တွက်ချက် ဆောင်ရွက် နိုင်သည့် စာရင်းအင်းစနစ်  ပေါ်ပေါက်လာစေရန်၊

(ဂ)    နိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်။

ရည်ရွယ်ချက်များ

(က)   ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖွံ့ဖြိုးမှုအလားအလာများအတွက် ပြုစုတင်ပြရန်၊

(ခ)    တိုင်းဒေသကြီးအတွင်းရှိ သဘာဝသယံဇာတအပေါ် မူတည်၍ ဒေသဖွံ့ဖြိုးတိုးတက် စေမည့် အလားအလာများ ခန့်မှန်းပေးရန်၊

(ဂ)    ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်နိုင်စေရန်အတွက် ကုမ္ပဏီလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ ထူထောင်မှုကို တွန်းအားပေး ဆောင်ရွက်စေနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ပေးအပ်မှုအပေါ် လိုက်နာဆောင်ရွက်ရန်၊

(ဃ)   လူမှုစီးပွားအညွှန်းကိန်းများ ကဏ္ဍပေါင်းစုံတွင် ထုတ်ပြန်နိုင်ရန်၊

 

လုပ်ငန်းတာဝန်များ

၁။      စီးပွားရေးစီမံကိန်းများ ရေးဆွဲခြင်း၊

၂။      စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေများကို စိစစ်သုံးသပ်တင်ပြခြင်း၊

၃။      ပြည်နယ်/ တိုင်း၊ ခရိုင်များ၏ ဓနအင်အားကို တိုင်းတာပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အခြေအနေကို တွက်ချက်ပေးခြင်း၊

၄။      ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တွက်ချက်ခြင်းနှင့် သုံးသပ်တင်ပြခြင်း၊

၅။      ပြည်နယ်/ တိုင်း၊ ခရိုင်များတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများကို အချိန်မှန်မှန် ကောက်ယူတင်ပြခြင်း၊

၆။      ပြည်နယ်/ တိုင်း၊ ခရိုင်၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စာရင်းဇယားအချက်အလက် များကို မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊

၇။      ပြည်နယ်/ တိုင်း၊ ခရိုင်များတွင် စီးပွားဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာများကို စိစစ် သုံးသပ်ပြီး ဖော်ထုတ်တင်ပြခြင်း၊

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များ

(က)   ကဏ္ဍစီမံကိန်းတာဝန်ယူသည့် ဝန်ကြီးဌာနများနှင့် ဒေသန္တရစီမံကိန်းတာဝန်ယူသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံပိုင်၊ ပုဂ္ဂလိကနှင့် အသင်းအဖွဲ့များအတွက် ကောက်ယူထားသည့် စာရင်းများကို ပေါင်းစပ်ညှိနှိုင်း၍ ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ တင်ပြအတည်ပြုချက်ရယူပြီးသော နှစ်စဉ်စီမံကိန်းများအပေါ် လစဉ်၊ သုံးလပတ်၊ (၆)လပတ်အလိုက်၊ ကဏ္ဍအလိုက် အကောင်အထည်ဖော်မှု အခြေအနေများကို ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပြီး တိုးတက်ရခြင်း၊ လျော့နည်းရခြင်း အကြောင်းရင်း များကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သုံးသပ်တင်ပြ အစီရင်ခံခြင်း၊

(ခ)    စာရင်းအင်းများ မှန်ကန်စေရေးအတွက် လိုအပ်သည့်စစ်တမ်းများ ကောက်ယူခြင်း၊ လူမှုစီးပွားအညွှန်းကိန်းများ ကဏ္ဍပေါင်းစုံထုတ်ပြန်နိုင်ရေးအတွက် ဌာနအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဂ)    စီမံကိန်းရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများအတွက် သက်ဆိုင်သည့် ဌာနအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ)   စီမံကိန်းများကို နှစ်အလိုက် နိုင်ငံတော်၏ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး နိုင်ငံခြားမှ ချေးငွေ၊ ထောက်ပံ့ငွေများနှင့်ဆောင်ရွက်လျှက်ရှိသော စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများအရ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ သို့မဟုတ် ဆောင်ရွက်ရန် ကတိကဝတ်စာချုပ်စာတမ်းများအရ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများကိုပါ ထည့်သွင်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အခြေအနေကောင်းများ တင်ပြခြင်း၊

(င)    သက်ဆိုင်ရာဘဏ္ဍာနှစ်များအတွင်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများသုံးစွဲ၍ ဆောင်ရွက်သည့် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်း စီမံကိန်းများကို အချိန်မီ၊ အရည်အသွေးမီစွာ ဆောင်ရွက်ပြီးစီးမှုရှိ၊မရှိကို စီမံကိန်း စိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနတို့ ပူးပေါင်းလိုက်ခြင်းကြောင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှဆောင်ရွက်ခြင်း၊

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ

(၂၀၁၆ခုနှစ် ၊ တိုင်းဒေသကြီး လွှတ်တော်ဥပဒေအမှတ် ၁  ။  )

၁၃၇၇ ခုနှစ် ၊ပြာသိုလဆုတ်  ၁ရက်

( ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ ၂၅ ရက် )

နိဒါန်း

ပဲခူးတိုင်းဒေသကြီးတွင် လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ် ဆောင်ရွက်မည့် စီးပွားရေးမူဝါဒများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ တိုင်းဒေသကြီးလွှတ်တော်သည် ဤ ဥပဒေကိုပြဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်၊စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။(က)ဤဥပဒေကို၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေဟု ခေါ်တွင် စေရမည်။

(ခ) ဤဥပ‌ဒေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင် အာဏာ တည် စေရမည်။

၂။ ဤဥပဒေသည် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပါယ်သက်ရောက်စေရမည်-

(က)    ဒေသန္တရစီမံကိန်းဆိုသည်မှာ တိုင်းဒေသကြီးအတွင်းရှိပြည်သူအားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊  သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း မည်၍ မည်မျှတိုးတက်ရမည်ဆိုသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ် များဖြစ်သည်။ စီမံကိန်းများ၌ ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအနှစ် ၂၀ နှစ်ရှည်စီမံကိန်း၊ ကာလတိုငါးနှစ် စီမံကိန်းများနှင့် အဆိုပါ စီမံကိန်းများကို နှစ်စဉ် အကောင် အထည်ဖော်မည့် နှစ်စဉ်စီမံကိန်းများပါဝင်ပါသည်။ တိုင်းဒေသကြီးစီမံကိန်းများ၌ ကဏ္ဍ အလိုက်ဖြစ်စေ၊  ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲ ချမှတ်သော လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုဇုန်များနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းစသည့် လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ် အကျုံးဝင် သည်ဟု မှတ်ယူရမည်။

(ခ)      စီမံကိန်းရည်မှန်းချက်ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက် ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊တိုင်းဒေသကြီးအတွင်း ဒေသအလိုက်ဖြစ်စေ မည်၍မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။

(ဂ)      နှစ်ကုန်ခန့်မှန်းခြေဆိုသည်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ (၆)လပတ်အကောင် အထည်ဖော်နိုင်မှုနှင့် ဒုတိယ(၆)လပတ် အကောင်အထည်ဖော် နိုင်မည့် အခြေအနေတို့ကို ပေါင်းစပ်ခန့်မှန်းထားခြင်းဖြစ်ပါသည်။

(ဃ)     ပုံမှန်စျေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

(င)      နှစ်အလိုက်စျေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

(စ)      သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများဆိုသည်မှာ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့်သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် စည်ပင်သာယာရေးအဖွဲ့များကိုဆိုသည်။

 အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)    စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ပုံမှန်စျေးနှုန်းများအရ ၇.၇ ရာခိုင်နှုန်း ဖြစ်ပေါ်တိုးတက်ရန်၊

(ခ)     ပုံမှန်စျေးနှုန်းများအရ-

(၁)     လယ်ယာကဏ္ဍတွင်၁.၈ရာခိုင်နှုန်းတိုးတက်ရန်၊

(၂)     သားငါးကဏ္ဍတွင်၃.၈ရာခိုင်နှုန်းတိုးတက်ရန်၊

(၃)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသဖြင့် သစ်တောကဏ္ဍ တွင် ၉.၄ ရာခိုင်နှုန်း လျော့နည်းဆောင်ရွက်ရန်၊

(၄)     စွမ်းအင်ကဏ္ဍတွင်၂၀.၀ရာခိုင်နှုန်းတိုးတက်ရန်၊

(၅)     သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင်၁.၅ရာခိုင်နှုန်းတိုးတက်ရန်၊

(၆)     စက်မှုလက်မှုကဏ္ဍတွင် ၁၂.၈ရာခိုင်နှုန်းတိုးတက်ရန်၊

(၇)     လျှပ်စစ်ဓာတ်အားကဏ္ဍတွင်၁၀.၇ရာခိုင်နှုန်းတိုးတက်ရန်၊

(၈)     ဆောက်လုပ်မှုကဏ္ဍတွင်၂၃.၄ရာခိုင်နှုန်းတိုးတက်ရန်၊

(၉)     ပို့ဆောင်ရေးကဏ္ဍတွင်၁၁.၂ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၀)   ဆက်သွယ်ရေးကဏ္ဍတွင်၅.၉ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၁)   ငွေရေးကြေးရေးကဏ္ဍတွင်၆.၉ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၂)   လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင်၆.၁ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၃)   ငှားရမ်းခနှင့်အခြားဝန်ဆောင်မှုကဏ္ဍတွင်၇.၈ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄)   ကုန်သွယ်မှုကဏ္ဍတွင်၆.၀ရာခိုင်နှုန်းတိုးတက်ရန်၊

(ဂ)     စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းများအရ လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၄.၅ ရာခိုင်နှုန်းမှ ၃၂.၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၆.၁ ရာခိုင်နှုန်း မှ ၂၈.၁ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၉.၄ ရာခိုင်နှုန်းမှ ၃၉.၄ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးဖြစ်ပေါ်ရန်၊

(ဃ)    လူတစ်ဦးစီ၏ပျမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု တန်ဖိုး(Per Capita GDP )ကို   နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၁၉၈၅၀၇မှ  ကျပ် ၁၃၄၅၉၈၄ သို့ ဖြစ်ပေါ်လာရန်၊

အခန်း(၃)

အထွေထွေ

၅။      တိုင်းဒေသကြီးအတွင်းရှိ ဌာနနှင့်အဖွဲ့အစည်းများသည် ပူးတွဲ (၁)၊ (၂)၊ (၃) နှင့် (၄)တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော် ကြရန်ဖြစ်သည်။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက်၊ ဒေသအလိုက် လိုအပ်သော လုပ်ငန်း အစီအစဉ်များနှင့် ညွှန်ကြားချက်များကို အသေးစိတ်ရေးဆွဲ ဆောင်ရွက်နိုင်သည်။

၆။      တိုင်းဒေသကြီးအတွင်းရှိ ဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ ပြည်သူများ၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေပြီး“ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့်”စီမံကိန်းများအား ဆက်စပ်အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ သို့ရာတွင် အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိသော“ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုဖြစ်စေသော” စီမံကိန်း များအားငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများဆောင်ရွက်ရမည်။

၇။      တိုင်းဒေသကြီးအတွင်းရှိ ဌာနနှင့်အဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းများကို ဆောင်ရွက် ရာတွင် လက်ငင်း၊ ရေတိုအတွက် အကျိုးဖြစ်ထွန်းစေ သော စီမံကိန်းများကို ဦးစားပေးရမည်။ ထို့ပြင် ရေရှည်အကျိုးရှိသော စီမံကိန်းများကိုလည်း မျှတစွာထည့်သွင်း စီမံဆောင်ရွက်ရမည်။

၈။      တိုင်းဒေသကြီးအတွင်းရှိ ဌာနနှင့်အဖွဲ့အစည်းများသည် ပြည်သူများအတွက်လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာ၀ရရှင်သန်စေမည့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက် ရမည်။

၉။      တိုင်းဒေသကြီးအတွင်းရှိဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသောအင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၀။    တိုင်းဒေသကြီးစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး၊ တိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းရေးကိုဖော်ဆောင် သောစီမံကိန်းများနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုသော စီမံကိန်းများ ပါ၀င်ရမည်။

၁၁။    တိုင်းဒေသကြီးအတွင်းရှိဌာနနှင့်အဖွဲ့အစည်းများသည် တိုင်းဒေသကြီးစီမံကိန်းတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်း များကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၂။    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိမရှိ၊ စီးပွားရေးအရတွက်ချေကိုက်မှုရှိမရှိ၊ ပြည်သူ များအတွက် အကျိုးရှိမရှိ ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမပြု ၊ ပတ်၀န်းကျင်ကို ထိခိုက်မှု ရှိမရှိစသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် ရရှိထားပြီးသောလုပ်ငန်းစီမံကိန်းများဖြစ်ရမည်။

၁၃။    တိုင်းဒေသကြီးအတွင်းရှိ ဌာနနှင့်အဖွဲ့အစည်းများသည် ဤဥပဒေအရထုတ်ပြန်သည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဒေသန္တရစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသောဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။________________________

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

(ပုံ)  ဉာဏ်ဝင်း

ဝန်ကြီးချုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့