Home / ပဲခူးမြို့နယ် / APML မှ သတ္တုစမ်းသပ်ရှာဖွေနိုင်ရေး ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံ

APML မှ သတ္တုစမ်းသပ်ရှာဖွေနိုင်ရေး ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံ

သြဂုတ် ၁၆ (ပဲခူး)

================================================

သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ သတ္တုတူးဖော်နိုင်ရေးအတွက် Asia Pacific Mining Limited မှ Mr.Andrew John Monney ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။

ရှေးဦးစွာ Mr.Andrew John Mooney က ပဲခူးဒေသအတွင်း ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင် မြို့နယ်အတွင်းရှိ မြေဧရိယာ(၄၄၉.၃၁၉)စတုရန်းကီလိုမီတာ၌ ကြေးနီ၊ ရွှေနှင့် ဆက်စပ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းစဉ်များအား ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိခဲ့ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအား ရှေ့ရှုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာ၌ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဆောင်ရွက်ပြီးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိသည့် အခြေနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များသည် နယ်မြေအခြေအနေ အရ မိုင်းအန္တရာယ်များရှိနိုင်ကြောင်း၊ ဒေသအခြေအနေအရ အစိုးရအဖွဲ့အပြင် နယ်မြေတပ်ရင်း တပ်ဖွဲ့များ၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ သဘောထားလည်းလိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုတွင်းလုပ်ငန်းစသည့် ဌာန ဆိုင်ရာများ၏ သဘောထားလည်းတရားဝင် မေးမြန်းရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဒေသခံ ပြည်သူလူထု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် လိုအပ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ သယံဇာတ၊ သစ်တောနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။