Home / ပဲခူးမြို့နယ် / B.O.T ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် လမ်းပိုင်းများအား ပြည်သူအတွက် အကျိုးပြုသည့်လုပ်ငန်းများဖြစ်၍ စေတနာ၊ မေတ္တာထားပြီး ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

B.O.T ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် လမ်းပိုင်းများအား ပြည်သူအတွက် အကျိုးပြုသည့်လုပ်ငန်းများဖြစ်၍ စေတနာ၊ မေတ္တာထားပြီး ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

အောက်တိုဘာ (၁၂) ပဲခူး

==========================================

အောက်တိုဘာလ (၁၂)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုလမ်းမကြီးများ၊ မြို့ရှောင်လမ်းများနှင့် တံတားချဉ်းကပ်လမ်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ(၆)ခု အား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းများအလိုက် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ(၆)ခုအား ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် မံကိန်းလုပ်ငန်းအဝဝကို မိမိတို့ တိုင်းဒေသကြီးအတွင်း စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ လမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ရင်ဆိုင်ရာသည့် အခက်အခဲများကို သိရှိလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသည့် B.O.T စာချုပ် ပါအတိုင်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလမ်းဦးစီးဌာနမှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးချက်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း၊ မြို့အဖြစ် သတ်မှတ်ခံထားရသည့် နေရာများရှိ ကျောင်း၊ ဆေးရုံ၊ ဈေး စသည့် လူစည်ကားသည့် နေရာများအား လမ်းအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ပွင့်လင်းရာသီတွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို တက်ရောက်လာသည့် ကုမ္ပဏီများမှ တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက B.O.T လမ်းပိုင်းများကို ပြည်ထောင်စုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့ ဦးဆောင်ပြီး အဖွဲ့ စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေသလို၊ တိုင်းဒေသကြီးလမ်းဦးစီးမှလည်း တစ်လလျှင်(၂)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ညောင်လေးပင် မြို့အတွင်းရှိ မီးရထားလမ်းသည် ကားပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသဖြင့် မြို့ရှောင်လမ်း ဖောက်လုပ်ရန် စီစဉ်ထားရှိပါကြောင်း တင်ပြခဲ့သည်။

 မတ်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရသည့် မြို့(၁၁)မြို့လမ်းအား တိုးချဲ့ဆောင် ရွက်ပြီးစီးမှုအခြေကိုလည်းကောင်း၊ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ပဲခူမြို့ရှောင်လမ်း ပြုပြင်ထိန်းသိမ်း နေမှုအခြေအနေ၊ ပွင့်လင်းရာသီတွင် မိမိတို့ကုမ္ပဏီမှ တာဝန်ယူရသည့် လမ်းပိုင်းများအတွင်းရှိ (၁၈၀)ပေအောက် တံတားများ တိုးချဲ့ခြင်း၊ လမ်းသတိပေးဆိုင်းဘုတ်များ တပ်ဆင်ပေးခြင်းလုပ်ငန်း များအား ဆောင်ရွက်ပေးသွားမည်ကိုလည်းကောင်း၊ Hi-Star Highway Co က ညောင်လေးပင်- ဇေယျဝတီလမ်းပိုင်းအတွင်းရှိ ကျောင်းရှေ့ မျဉ်းကြားနေရာ(၂၅)နေရာအား ပွင့်လင်းရာသီတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် (၁၈၀)ပေအောက် တံတား(၄၈)စင်း တိုးချဲ့ခြင်း လုပ်ငန်းအား ပြီးစီးအောင်ဆောင်ရွက်ပေးသွားမည်ကြောင်းကိုလည်းကောင်း၊ နေလသစ္စာဟိုင်းဝေး ကုမ္ပဏီက ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း ပဲခူးတိုင်းဒေသကြီးအတွင်း ကားလမ်းရေကျော်သည့် နေရာများ၌ ရေပြွန်တည်ဆောက်ခြင်း၊ တောင်ပေါ်လမ်းများဖြစ်၍ ကွေ့(၁၀)ခုအား လမ်းမြေနေရာ တိုးချဲ့ဆောင်ရွက်ခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ကိုလည်းကောင်း၊ Oriental Highway Co., က ရေတာရှည်-ရေနီလမ်းပိုင်းအတွင်းရှိ တံတားများအား အပြီးတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မြို့တွင်းလမ်းများအား သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ ကမ္ဘောဇဟိုင်းဝေးကုမ္ပဏီက ဇေယျဝတီ-ရေတာရှည်လမ်းအား ၂၀၁၈ ခုနှစ်အတွင်း လမ်းဧရိယာတိုးချဲ့ခြင်း၊ မြို့တွင်းလမ်းခင်းခြင်း၊ လမ်းသတိပေးဆိုင်ဘုတ်များ တပ်ဆင်ခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီး တင်ပြခဲ့သည်။

စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက B.O.T ကုမ္ပဏီများအနေဖြင့် ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်၍ လမ်းအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်စေလိုကြောင်း၊ လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အနှောက် အယှက် အဟန့်အတားများ မဖြစ်ပေါ်စေရန် အထူးအလေးထား ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးက ပဲခူးမြို့သည် မြန်မာနိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့မှ ကုန်စည်စီးဆင်းမှု ဖြတ်သန်းရာ လမ်းဆုံမြို့ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၌ ကုန်တင်ကားကြီးများသည် ပဲခူးမြို့ရှောင်လမ်းကိုသာ အားကိုးနေရကြောင်း၊ ဒါကြောင့် ယခုပွင့်လင်း ရာသီတွင် ပဲခူးမြို့ရှောင်လမ်းအား အထူးအလေးထား ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အခက်အခဲများရှိပါက အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက မြို့ဝင်ကြေးဂိတ်များ ဖျက်သိမ်းခဲ့ရခြင်းကြောင့် စည်ပင် သာယာရေးအဖွဲ့ဝင် မြို့တွင်းလမ်းပလက်ဖောင်းများ၊ ရေမြောင်းများ ပြင်ဆင်ရန် မလွယ်ကူတော့ ကြောင်း၊ ဒါကြောင့် ကုန်ကျစရိတ်အား အစိုးရအဖွဲ့သို့ တင်ပြတောင်းခံပြီးသာမှ ပြင်ဆင်ပေးနိုင်မည် ဖြစ်ကြောင်းကိုလည်းကြောင်းတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာ ရန်ကုန်-ပြည်ကားလမ်းသည် လမ်း ပိုင်းဆိုင်ရာ အားနည်းချက်များရှိကြောင်း၊ လမ်းဘေးသစ်ပင်များ၊ လမ်းကွေ့များသည် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အနေအထားများတွေ့ရှိရ၍ လမ်းဘေးရှိ မျက်ကွယ်သစ်ပင်များ ခုတ်လှဲခြင်း၊ လမ်းကွေ့များ တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊ အမြန်လမ်းတွင် အသုံးပြုနေပြီဖြစ်သည့် ETC ကတ်စနစ်ကို အသုံးပြုရန် ကုမ္ပဏီများမှ ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ဒါမှသာ လမ်းအခွန်ဆောင်သူများအနေဖြင့် တိတိကျကျပေးဆောင်နိုင်ပြီး၊ ပြန်အမ်းငွေမရှိသည့် ပြဿနာ များ ကင်းရှင်းသွားမည်ဖြစ်ကြောင်း၊ မီးရထားလမ်းဖြတ်များအား လမ်းတိုးချဲ့နိုင်ရန် မီးရထား ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့အထွက် ဆိုင်းဘုတ်အား ပဲခူးမြို့ရှောင်လမ်းထိပ်သို့ ရွှေ့ပြောင်းပြီး လမ်းညွှန်ဆိုင်းဘုတ်အဖြစ် ဆောက်လုပ်ရန်၊ မြို့အလိုက် အဆင့်သတ်မှတ်ချက်ထားပြီး မီးပွိုင့်များ တပ်ဆင်ပေးရန်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် လမ်းပိုင်းအလိုက် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု သတင်းကောင်းများသာ ကြားလိုပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ B.O.T ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း Oriental Highway ကုမ္ပဏီသည် ရေတာရှည်-ရေနီ လမ်းပိုင်းကို လည်းကောင်း၊ ကမ္ဘောဇဟိုင်းဝေး ကုမ္ပဏီသည် ဇေယျဝတီ-ရေတာရှည်လမ်းပိုင်းကိုလည်းကောင်း၊ Hi-Star ကုမ္ပဏီသည် ညောင်လေးပင်-ဇေယျဝတီ လမ်းပိုင်းကိုလည်းကောင်း၊ ရွှေသံလွင်ကု မ္ပဏီသည် ပဲခူး-ညောင်လေးပင်၊ ဘုရားကြီး-စစ်တောင်းလမ်း၊ စစ်တောင်းတံတား ချဉ်းကပ်လမ်း ကိုလည်းကောင်း၊ မတ်(စ်)မြန်မာ ဟိုင်းဝေးကုမ္ပဏီသည် ရန်ကုန်-ပြည်၊ ပြည်မြို့ရှောင်လမ်း၊ ရန်ကုန်-ပဲခူး၊ ပဲခူးမြို့ရှောင်လမ်း လမ်းပိုင်းများကိုလည်းကောင်း B.O.T စနစ်ဖြင့် အသီးသီးတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။