Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန / LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ်ကတ္တရာခင်းခြင်းလုပ်ငန်းများအား လာရောက်မိတ်ဆက်ရှင်းလင်း

LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ်ကတ္တရာခင်းခြင်းလုပ်ငန်းများအား လာရောက်မိတ်ဆက်ရှင်းလင်း

ဇွန် ၄ (ပဲခူး)

===================================

          ဇွန်လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပြည်ပကုမ္ပဏီ(၂)ခုမှ LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ် ကတ္တရာခင်းခြင်းလုပ်ငန်း များအား လာရောက်မိတ်ဆက်ရှင်းလင်းခဲ့သည်။

          ရှေးဦးစွာ Royal Pole Star Service Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဇော်က မိမိတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု (၁၀၀) ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည့်ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ငွေဆောင်နှင့် ချောင်းသာဟိုတယ်ဇုန်များအား (၂၄)နာရီ မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ စက်မှုဇုန်များအား မီးလင်းရေးလုပ်ငန်း များ၊ မြို့ဝင်/ထွက် လမ်းမီးများအား နှစ်(၂၀)အာမခံဖြင့် နှစ်ရှည်ရင်းနှီးမြှုပ်မှု ဆောင်ရွက်လိုပါ ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

          ဆက်လက်၍ Zenith Spartans Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဉာဏ်မင်းထက်က မိမိတို့ကုမ္ပဏီသည် ထိုင်ဝမ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ လမ်းဟောင်းမှ ထွက်ရှိလာသည့် ကတ္တရာရောကျောက်ခဲများအား ပြန်လည်သန့်စင်၍ အဆင့်မြင့် နည်းပညာဖြင့် ကတ္ကရာပြန်လည်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိခဲ့ပါက (B.O.T) စနစ်ဖြင့် ဆောင်ရွက်လို ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့မှ ဘုရားကြီးမြို့အထိ၊ အနောက်ဘက်မြို့ရှောင်လမ်း၊ ထပ်မံဖောက်လုပ်မည့် ပဲခူးအရှေ့ဘက်မြို့ရှောင်လမ်း၊ ပဲခူးမြို့မှ အင်းတကော်မြို့အထိ လျှပ်စစ် လမ်းမီးများ ဆောင်ရွက်ရန်ရှိကြောင်း၊ အဆွေတော်တို့ကုမ္ပဏီ၏ LED မီးလုံးအသုံးပြုခြင်းဖြင့် လက်ရှိအသုံးပြုနေသည့် လမ်းမီးမီတာခများထက် (၇၀%)ကျော် သက်သာခြင်းသည် ပြည်သူ့ ဘဏ္ဍာငွေအား ချွေတာခြင်းဖြစ်၍ စိတ်ဝင်စားမှုရှိပါကြောင်းနှင့် ယခုလို လာရောက်ရှင်းလင်း မိတ်ဆက်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ လမ်းလုပ်ငန်းများနှင့်ပတ်သက်၍ အဆင့်မြင့် ကတ္တရာခင်းခြင်းလုပ်ငန်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျကြောင်း၊ လမ်း အသစ်ခင်းခြင်း၊ လမ်းဟောင်းပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် နိုင်ငံတော်မှ နှစ်စဉ်ကုန်ကျစရိတ်များစွာ အသုံးပြုနေရကြောင်း၊ အဆွေတော်တို့၏ အဆင့်မြင့်နည်းပညာဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပြည်သူ့ဘဏ္ဍာငွေ လေလွင့်မှုအနည်းဆုံး ဖြစ်ပြီး၊ ရေရှည်အကျိုးကျေးဇူးများစွာ ရရှိခံစာနိုင်မည်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်ပကုမ္ပဏီ(၂)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။