Tourism Conference 2018 အခမ်းအနားသို့ ဝန်ကြီးဦးညွန့်ရွှေတက်ရောက်

ဇွန် ၁၂ (ပဲခူး)

===================================

ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က နေပြည်တော် MICC II ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ့ခရီးသွားလုပ်ငန်း (MTF)နှင့် ညီနောင်အသင်းများပူးပေါင်းဆောင်ရွက်သည့် Tourism Conference 2018 အခမ်းအနားသို့  ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်သည်။

          အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အငြိမ်းစားသမ္မတ ဦးထင်ကျော်နှင့် ဇနီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဟိုတယ်ခရီးနှင့်သက်ဆိုင်သည့် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။

          ယင်းအခမ်းအနား၌ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သဘာဝအရင်းအမြစ်များကို အခြေပြုသည့် ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းယဉ်ကျေးမှုကို အခြေပြုသည့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးဒေသ၌ ဟိုတယ်အလုံး(၃၀)၊ ပြည်ဒေသ၌(၂၄)လုံး၊ တောင်ငူဒေသ၌(၁၃)လုံး စုစုပေါင်း(၆၇)လုံးရှိသည်။ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၁၆ခုနှစ်တွင် ပြည်တွင်း/ပြည်ပမှ ဝင်ရောက်မှု(၃၄၃၃၈၅)ဦး၊ ၂၀၁၇ခုနှစ်တွင် (၈၄၂၁၄၁)ဦးရှိခဲ့သည်။ ဟိုတယ်တည်းခိုမှုနှင့် ဝင်ငွေရရှိမှုအနေဖြင့် ၂၀၁၆ခုနှစ်တွင် ပြည်တွင်းဧည့်သည် (၁၄၂၅၇၀)ဦး၊ ပြည်ပဧည့်သည် (၁၄၆၀၅)ဦး တည်းခိုခဲ့ပြီး ဝင်ငွေအားဖြင့် ကျပ်သိန်းပေါင်း (၁၈၈၈၈၆.၈)သိန်းနှင့် အမေရိကန်ဒေါ်လာ (၂၄၁၆၄၈)ရရှိခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ပြည်တွင်းဧည့်သည် (၁၂၅၅၉၉)ဦး၊ ပြည်ပဧည့်သည် (၁၇၆၁၅)ဦးတည်းခိုပြီး ဝင်ငွေအားဖြင့် ကျပ်သိန်းပေါင်း (၁၈၂၃၀.၇၆)သိန်းနှင့် အမေရိကန်ဒေါ်လာ (၂၀၂၈၀၁)ရရှိခဲ့ကြောင်း သတင်းရရှိသည်။