Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မေ ၈ (ပဲခူး)
==================

၂၀၁၉ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မေလ(၈)ရက်နေ့ နံနက်(၇)နာရီအချိန်က ကြက်ခြေနီကြီးကြပ်ကော်မတီနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုပြုလုပ်ကြသည်။
မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခြေနီနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားပွဲများ၊ သင်တန်းဖွင့်ပွဲ/ ဆင်းပွဲများ၊ သွေးလှူဒါန်းပွဲများ၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ပြုလုပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပဲခူးမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကျောင်းအခြေပြု ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား (၁၀၀)ဦးခန့်တို့သည် စုပေါင်း၍ ပဲခူးမြို့ ဆေးရုံလမ်း၊ သနပ်ပင်လမ်း၊ ရွှေမော်ဓောဘုရားတစ်လျှောက်နှင့် လိပ်ပြာကန်ပတ်ပတ်လည်တို့တွင် အမှိုက်လှဲခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းလုပ်ငန်းများပြုလုပ်ကြကြောင်း သိရသည်။
မေလ(၈)ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီကို တည်ထောင်သူ ပထမဦးဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဟင်နရီဒူးနန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် မေလ(၈)ရက်နေ့အား ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
၂၀၁၉ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် “ချစ်ခြင်းမေတ္တာ”ဖြစ်ပြီး အဲဒီဆောင်ပုဒ်နှင့်အညီ ကြက်ခြေနီကြီးကြပ်မှုကော်မတီကနေ တစ်ကမ္ဘာလုံးကိုဖြန့်ကျက်ပြီး တည်ဆောက်လျက်ရှိသည်။ ယင်းလုပ်ငန်းတွေက စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီးတော့ ပရဟိတစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည်။ ဆောင်ပုဒ်အတိုင်း ချစ်ခြင်းမေတ္တာသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ရန်သူ/မိတ်ဆွေမရွေး၊ အဆင့်အတန်းမရွေး ချစ်ခြင်းမေတ္တာများနဲ့ ဒီကမ္ဘာ့ကြက်ခြေနီများနေ့သည် လူသားတိုင်း၏ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းတွေအပြင် တွေ့ကြုံခံစားနေရသည့် ဘေးအန္တရာယ်များကိုလည်း စုပေါင်းပြီး ချစ်ခြင်းမေတ္တာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။