Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

အောက်တိုဘာ ၁၀ (ပဲခူး)

=====================

အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀ခုနှစ်တွင် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများ လျော့နည်းပပျောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဆေးရုံကြီးများ၊ မျက်စိကုဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးက တက်ညီလက်ညီပူးပေါင်းကာ အရှန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း မျက်စိကျန်းမာရေးကို အလေးထား စမ်းသပ်စစ်ဆေးမှုခံယူကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဖတ်ကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိရောဂါအကြောင်း သိကောင်းစရာများကို ဗွီဒီယိုဖိုင်ဖြင့်ပြသကာ ပညာပေးရှင်းလင်းပြောကြားပြီး ရေတာရှည်မြို့နယ် နတ်စင်ကုန်းကျေးရွာမှ မွေးရာပါအမြင်အာရုံချို့တဲ့သူ (မျက်လုံးနှစ်လုံး)မပါသူ အသက်(၆)နှစ်အရွယ်ရှိ မောင်ကွကောင်းအား ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက ထောက်ပံ့ငွေပေးအပ်ကာ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၀၀ခုနှစ်စတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် “အမြင်အာရုံကောင်းစေဖို့  ဦးစားပေးကာဆောင်ရွက်စို့” ဖြစ်သည်။  နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယပတ် ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အဖြစ် သတ်မှတ်ကာ မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ကြောင်း သိရှိနားလည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် အခြားသောဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ ပြည်သူလုထုများ တက်ညီလက်ညီ ပူးပေါင်းပါဝင်ပြီး မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများအကြောင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအားလုံးတွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။