Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနားကျင်းပ

မတ် ၂၈ (ပဲခူး)
====================

ပဲခူးတက္ကသိုလ်တွင် မတ်လ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ပဲခူး)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပထမပိုင်းအစီအစဉ်အနေဖြင့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ထူးချွန်ကျောင်းသား/သူ(၆)ဦးတို့က ကျောင်းသား/သူ(၂၀၀)ဦး ခြံရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ ဒုတိယပိုင်းအစီအစဉ် ကျင်းပပြုလုပ်ရာ ပဲခူးမြို့အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်နှင့် ပန်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများက “ကလေးစာပေပွဲတော် Theme Song” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အမှာစကားပြောကြားသည်။
ယင်းနောက် ပဲခူးတက္ကသိုလ်ကျောင်းသား/သူများက တက္ကသီလာဥဿာမြေ သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ပဲခူးတိုင်းသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ကမ္ဘာတည်သရွေ့သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပုဏ္ဏားစု ကျောင်းသား/သူများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)-၂ မြို့အနောက်(ခ)ကျောင်းသား/သူများက ယိမ်းသမလေးများကနေသည် သီချင်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံချို့တဲ့သူကျောင်းသား/သူ(၂)ဦးက မြတ်ဆရာသီချင်းဖြင့်လည်းကောင်း၊ ရွှေဖြူ းကြယ်စင်ဂီတဥယျာဉ်အဖွဲ့က Battle Oneသီချင်းဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအားကစားသင်တန်းမှ ကျောင်းသား/သူလေးများက Myanmar Fitness Danceအကဖြင့်လည်းကောင်း၊ ပဲခူးတက္ကသိုလ်ကျောင်းသား/သူများက သွေးချင်းများပီပီသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများနှင့် ဧည့်သည်တော်များက စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုကြသည်။
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် (ပဲခူး)အား ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာဆင်နွဲရင်း စုပေါင်းအလုပ်များတွင်ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုကြသူများ ဖြစ်လာစေရန် ရည်ရွယ်၍ မတ်လ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၃)ရက်ကြာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကလေးများအတွက် ပြိုင်ပွဲများ၊ တိုင်းရင်းသားအကများ၊ စာအုပ်အရောင်းဆိုင်များ၊ စာပေစကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ အားကစားပြိုင်ပွဲများ၊ ပြခန်းများ၊ happy world အားကစားကွင်းနှင့် နည်းပညာစာအုပ်ဖတ်စဉ်များ စသည်တို့ အမြောက်အများပါဝင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။