Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှလှူ ဒါန်းသည့် အများသုံးသန့်စင်ခန်း လှူဒါန်းဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှလှူ ဒါန်းသည့် အများသုံးသန့်စင်ခန်း လှူဒါန်းဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၂၆ (ပဲခူး)
==================

ပဲခူးမြို့ ရွှေမော်ဓောစေတီတော် အနောက်ဘက်မုခ်၊ မွန်ဓမ္မာရုံမြောက်ဘက်ရှိ အများသုံးသန့်စင်ခန်း တည်ဆောက်မည့်နေရာတွင် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၆:၄၀)နာရီအချိန်က ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှလှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သတ်မှတ်နေရာအသီးသီးတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ပဲခူးမြို့နယ်စည်ပင်ယာရေးအဖွဲ့ ဥက္ကဌ ဒေါက်တာအောင်ခင်၊ Sun Shine Yangon Co.,Ltdမှ မန်နေဂျင်းဒါရိုက်တာ Mr.Kim.Tae.Won နှင့် ရွှေမော်ဓောစေတီဂေါပကအဖွဲ့များက ပန္နက်တိုင်များ ရိုက်သွင်းစိုက်ထူပေးကြသည်။
အဆိုပါ အများသုံးသန့်စင်ခန်းအား ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ World Toilet Association(WTA)မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အောက်ခြေ အနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ သုံးထပ်အဆောက်အဦအဖြစ် Sun Shine Yangon Co.,Ltdမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး မြေညီထပ်တွင် ဘုရားဖူးပြည်သူများ အသုံးပြုနိုင်ရန် (ကျား/မ)အခန်းအပြင် မသန်စွမ်းသူများပါ အခမဲ့အသုံးပြုနိုင်ရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ထားရှိပေးပြီး ပထမအထပ်တွင် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးစင်တာအဖြစ်လည်းကောင်း၊ အပေါ်ဆုံးအထပ်တွင် ရုံးခန်း၊ စာကြည့်တိုက်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခန်းများအဖြစ်လည်းကောင်း၊ ဘေးအခန်းများတွင် Coffce Barနှင့် ဒေသထွက် မြန်မာ့ရိုးမာအနုပညာပစ္စည်းများ ရောင်းချပေးမည့် ဆိုင်များထားရှိရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ အခမဲ့ ရေရှည်သန့်ရှင်းသပ်ရပ်သော အများသုံးသန့်စင်ခန်းအဖြစ် ဆက်လက်တည်ရှိ အသုံးပြုနိုင်ရေးအတွက် ဘေးဆိုင်ခန်းများမှရရှိသော ဆိုင်ခန်းငှားခ အခကြေးငွေများဖြင့် သန့်ရှင်းရေးကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။