Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) ဖွင့်ပွဲ ကျင်းပပြုလုပ်

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) ဖွင့်ပွဲ ကျင်းပပြုလုပ်

ဒီဇင်ဘာ ၂၇ (ပဲခူး)

================

ပဲခူးမြို့ ရွှေမော်ဓော်ဘုရားအနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် World Toilet Association(W.T.A)မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ ယနေ့ဖွင့်လှစ်သည့် အများသုံးသန့်စင်ခန်း တည်ဆောက်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက်S.S.Yကုမ္ပဏီမှ CEOဦးဆောင်သောအဖွဲ့မှ အခြားနိုင်ငံများနည်းတူ ပဲခူးမြို့နယ်တွင်W.A.T၏ အထောက်အပံ့ဖြင့် ဆောက်လုပ်လှူဒါန်းလိုကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့  ညှိနှိုင်းတင်ပြချက်အရ မိမိတို့အစိုးရအဖွဲ့မှ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်မှုများသော ရွှေမော်ဓောစေတီ ဝတ္တကမြေအတွင်း ဆောက်လုပ်ရန် သင့်တော်မည့်နေရာအား ရွေးချယ်တင်ပြရန် ဂေါပကအဖွဲ့သို့တာဝန်ပေးညွှန်ကြားခဲ့ကြောင်း၊ ဂေါပကအဖွဲ့မှ ယခုတည်ဆောက်ပြီးစီးခဲ့သည့် စေတီ၏ အောက်ခြေနေရာမှာ ဘုရားဖူးများစွာ လွယ်လွယ်ကူကူ ရောက်ရှိအသုံးပြုနိုင်မည့် နေရာဖြစ်၍ ရွေးချယ်ထားပါကြောင်း တင်ပြချက်အရ အစိုးရအဖွဲ့မှ အတည်ပြုပေးပြီး သန့်ရှင်းပြီး ကျန်းမာရေးအထောက်အကူပြုစေမည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးရည်ရွယ်ကာ ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မှီရေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် ဂေါပကဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင်များ၊ ပြင်ပပညာရှင်များပါရှိသော Public Toilet Committee (P.T.C) ကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်စေခဲ့ကြောင်း၊ ဘုရားဖူးပြည်သူများအတွက် အစဉ်အမြဲသန့်ရှင်း၍ အနံ့အသက်ဆိုးကင်းမဲ့သည့် ကျန်းမာရေးအထောက်အကူပြုမည့် အများသုံးသန့်စင်ခန်းအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေး တာဝန်ရှိသူများမှ ကြိုတင်စီမံဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ရွှေမော်ဓောစေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရအဖွဲ့မှ Mr. Kim Young Sikမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ Koreaနိုင်ငံ (W.T.A)board of Director Mr.Sim Young Cham မှ အများသုံးသန့်စင်ခန်း လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် S.S.Y ကုမ္ပဏီ CEO Mr.Kim The Wanမှ (CSR) အကြောင်းရှင်းလင်းပြောကြားပြီး အများသုံးသန့်စင်ခန်း အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများအား ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအတွင်းရေးမှူး ဦးဝင်းမောင်ထံ လွှဲပြောင်းပေးအပ်ကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းများအား တက်ရောက်သူ အကြီးအကဲများထံ ပေးအပ်သည်။
ဆက်လက်၍ ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် World Toilet Association(W.T.A)မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် City of Suwon Director Mr.Young Sik Kim၊ (WAT) board of Director Mr. Sim Young Chan၊ S.S.Y ကုမ္ပဏီ CEO Mr.Kim Tae Wan နှင့် CEO MNKC Mr. Kim Won Sun တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အများသုံးသန့်စင်ခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ အများသုံးသန့်စင်ခန်းအား ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ World Toilet Association(WTA)မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အောက်ခြေ အနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ နှစ်ထပ်အဆောက်အဦအဖြစ် Sun Shine Yangon Co.,Ltdမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်တွင် ဘုရားဖူးပြည်သူများအသုံးပြုနိုင်ရန် (ကျား/မ)အခန်းအပြင် မသန်စွမ်းသူများပါ အခမဲ့အသုံးပြုနိင်ရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ထားခြင်းဖြစ်ရာ အပေါ်ထပ်တွင် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးစင်တာအဖြစ်နှင့် နားနေရန်နေရာများအတွက် ဆောက်လုပ်ပေးထားကြောင်း သတင်းရရှိသည်။