Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တွေ့ဆုံဆွေးနွေး

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တွေ့ဆုံဆွေးနွေး

ဇန်နဝါရီ ၁၅ (ပဲခူး)
==============

ဇန်နဝါရီလ (၁၅)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့တို့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်သည် တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးပါပြီး ကုသိုလ်ရရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ရွှေကျင်မြို့နယ်တွင်လည်း နယ်မြေဒေသအခြေအနေအရ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကိုလည်း အဆင့်မြှင့်ပေးနိုင်ခဲ့ပြီးဖြစ်သလို ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ လူနာများသည် ပဲခူးမြို့ကိုဖြတ်သန်း၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိပြီး ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ ဒါကြောင့် ပဲခူးဆေးရုံကြီးတွင်လည်း လိုအပ်သော စက်ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များ ထားရှိပေးခြင်းအားဖြင့် အခြားပြည်နယ်များမှ လူနာများလည်း အချိန်တိုအတွင်း ကုသပေးနိုင်မည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးဆေးရုံကြီးအား ထပ်မံအဆင့်မြှင့်တင်ပေးရန် အကြံပြုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မွန်ပြည်နယ်၊ ဝင်းကံကျေးရွာဘက်မှ ရွှေကျင်မြစ်ကူးတံတား(အသစ်)အား ဖြတ်သန်း၍ ဟိုင်းဝေးလမ်းမကြီး ဖြတ်သန်းဖောက်လုပ်ရန် ဆောင်ရွက်လျက်ရှိရာ ရွှေကျင်စျေးကား ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ စျေးအစားထိုးမြေနေရာအဖြစ် ဒေသခံပြည်သူများ၊ CSO များကလည်း ရွှေကျင်မြို့၊ ဆေးရုံဟောင်း မြေနေရာအား ရွှေကျင်မြို့စျေးသစ်အဖြစ် အသုံးပြုရန် ဆန္ဒရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနပိုင် ဆေးရုံဟောင်းမြေနေရာအား တစ်စိတ်တစ်ပိုင်း စွန့်လွှတ်၍ စျေးမြေနေရာအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရန် ညှိနှိုင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ရွှေကျင်မြို့၊ ဆေးရုံဟောင်းမြေနေရာသည် ဝန်ထမ်းအိမ်ရာများနှင့် အခြားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိပြီး စျေးအတွက် လိုအပ်သည့် မြေနေရာအတွက် တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ပေးနိုင်ရန် ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် တင်ပြပေးမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ဆဲ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေး အစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးရန်တို့အား ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်တို့က အမှတ်တရ လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။