Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျန်းမာရေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ခြင်း အခမ်းအနားကျင်းပ

ကျန်းမာရေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ခြင်း အခမ်းအနားကျင်းပ

မတ် ၁၉ (ပဲခူး)
========================

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ယနေ့အခမ်းအနားတွင် ပါဝင်လှုပ်ရှားတက်ရောက်လာကြသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိခွင့်ရရှိကြမည်ဖြစ်ပြီး လူသားတိုင်းရဲ့ လူမှုဘဝအစဉ်လှပစေဖို့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားအား လေ့လာလိုက်စားကြရန်၊ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် ရောဂါဘယများကို ကာကွယ်နိုင်မည်ဖြစ်ပြီး အားကစားလေ့လာလိုက်စားခြင်းဖြင့်လည်း မလိုလားအပ်သော ကင်ဆာရောဂါဖြစ်ပွားမည့် ဆဲလ်တိုးပွားခြင်းကို လျော့နည်းစေးပြီး လူအကျိုးပြုဆဲလ်များ တိုးပွားလာစေမှာဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားသည် ရောဂါအမျိုးမျိုးအပေါ် ကောင်းကျိုးသက်ရောက်မှုရှိသည် ဆိုသည့်အချက်အား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်းအောင် လှုပ်ရှားဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်မောင်နှင့် Megaဆေးကုမ္ပဏီမှ တာဝန်ရှိသူတို့က ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသူများက Physical Fitness Dance(1,2,3,4,5,6)အကများဖြင့် အစီအစဉ်အလိုက် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ကြသည်။
အတူတကွ စုပေါင်းဆောင်ရွက်မည့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများကို အသက်အရွယ်ကြီးငယ်မရွေး၊ ကျား/မမရွေး၊ မည်သူမဆိုလွတ်လပ်ပေါ့ပါးစွာ လေ့ကျင့်နိုင်သော လေ့ကျင့်ခန်းဖြစ်သည့်အတွက် နေ့စဉ်ပုံမှန်နာရီဝက်ခန့် လှုပ်ရှားလေ့ကျင့်ကြရန် လိုအပ်သည်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် နေထိုင်သွားလာရာတွင်ပေါ့ပါးခြင်း၊ အစားအသောက် ပိုမိုကောင်းမွန်စွာ စားသောက်လာနိုင်ခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်လာစေခြင်း၊ စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းတို့ကို ကိုယ်တွေ့ခံစားကြရမည်ဖြစ်သည်။ ရောဂါဝေဒနာများကို ဆေးသောက်၍ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဖြင့် ရောဂါများကိုကာကွယ်ပြီးဖြစ်သဖြင့် လူသားတိုင်း ကိုယ်လက်လှုပ်ရှားအားကစားအား နေ့စဉ်ပုံမှန်ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား မြတ်သုဆေးဆိုင်နှင့် Megaဆေးကုမ္ပဏီတို့၏ ပံ့ပိုးကူညီမှုဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ရောဂါဘယကင်းဝေးစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဝန်ကြီး ဒေါ်နော်ပွယ်စေး ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးသားဖွားသင်တန်းကျောင်းမှ နည်းပြများနှင့်သင်တန်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးတိုင်းဒေသကြီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆေးကုမ္ပဏီမှဝန်ထမ်းများ၊ အားကစားလှုပ်ရှားမှုပြုလုပ်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်