Home / ကျောက်ကြီးမြို့နယ် / ကျောက်ကြီးမြို့တွင် လူထုတွေဆုံပွဲ ကျင်းပပြုလုပ်

ကျောက်ကြီးမြို့တွင် လူထုတွေဆုံပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၂၉ (ကျောက်ကြီး)
====================

စက်တင်ဘာလ (၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ မြို့တွင်းကျောင်း၊ အဂ္ဂဇေယျဗိမာန်၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်ကာလ အချိန်အခါအရ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနိမ့်ကျခဲ့ရပြီး တည်ငြိမ်အေးချမ်းမှုများ အားနည်းခဲ့ရကြောင်း၊ ယခုအခါ မိမိတို့အစိုးရသည် နယ်မြေဒေသ ခွဲခြားမှုမရှိပဲ တစ်ပြေးညီ တည်ငြိမ်အေးချမ်းနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် အခြားမြို့ပြများနှင့်မတူ နိမ့်ကျနေသည့် ဒေသများရှိ ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဦးစားပေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ပြည်သူများအကြား အကြောက်တရား ကင်းရှင်းစေရန်၊ ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ကာ ပြုပြင်ပြောင်းလဲမှုကို မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲကြပြီး ပူးပေါင်းဖြေရှင်း ဆောင်ရွက်တတ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေရန် ဒီမိုကရေစီဖက်ဒရယ်စနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်း နိုင်ငံတကာ၏ အခြေအနေကို လေ့လာခြင်းဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက အထက(နတ်သံကွင်း) စာသင်ကျောင်းမြေကိစ္စ၊ ရဲစခန်းမြေကိစ္စ၊ မီးတိုင်တောကျေးရွာ မြေယာအငြင်းပွားမှု ဖြေရှင်းပေးရန်ကိစ္စ၊ ဝဲကြီးကျေးရွာ လမ်းနှင့် ရေကာတာကိစ္စ၊ ကျောက်စရစ်ကျေးရွာ စစ်တောင်းမြစ်ရေကာတာကိစ္စ၊ ကျောက်စရစ်-ထိန်ပင်-ပဲသောင် ကျေးရွာချင်းဆက်လမ်းကိစ္စ၊ မဲပုတ်ကျေးရွာ သားဖွားဆရာမ ချထားပေးရေးနှင့် လမ်းပြန်လည်ပြုပြင်ပေးရန်ကိစ္စ၊ ဆေးပုလဲကျေးရွာ ဆေးပုလဲ-ငထွေစုတ် ကျေးရွာချင်းဆက်လမ်းပြုပြင်ပေးရန်ကိစ္စ၊ အင်းလေလံနှင့် လယ်ယာမြေကျူးကျော်မှုများအား ဖြေရှင်းဆောင်ရွက်ပေးရန်ကိစ္စ၊ မမယမ်း-စဖျင်ကြီးကျေးရွာချင်းဆက်လမ်း ဂဝံခင်းပေးရန်ကိစ္စ၊ အင်းနတ်ကျေးရွာ ရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ခြင်းနှင့် လမ်းမြေသားတိုးချဲ့ပေးရန်ကိစ္စ၊ အောင်သုခရပ်ကွက် မီးသတ်ကားရရှိနိုင်ရေးနှင့် ဘောလုံးကွင်းဖော်ထုတ်ပေးရန်နှင့် တရားမဝင်စက်သုံးဆီဆိုင်များ အရေးယူပေးရန်ကိစ္စ၊ ပဲခူးရပ်ကွက်မှ ကျောက်ကြီးမြို့နယ်အတွင်းရှိ မသန်စွမ်းများအတွက် ထောက်ပံ့မှုများ ပေးရန်ကိစ္စ၊ မျက်ရဲ-ဗမာကျေးရွာအုပ်စုရှိ တံတားနှင့် ကုန်ထုတ်လမ်းများ ဆောင်ရွက်လုပ်ပေးရန်ကိစ္စတို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။