Home / ကျောက်ကြီးမြို့နယ် / ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ နတ်သံကွင်း မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ နတ်သံကွင်း မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာ ၁၄ (ကျောက်ကြီး)
===============

စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၌ နတ်သံကွင်း မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က နတ်သံကွင်း မြို့မဈေးတည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နတ်သံကွင်းမြို့မဈေးသစ်တည်ဆောက်ရေးကော်မတီ ဥက္ကဌမှ ဈေးသစ်ကြီးအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နတ်သံကွင်း မြို့မဈေးသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား တည်ဆောက်ရေးကော်မတီ ဥက္ကဌ ဦးကျင်မွှေးနှင့် အတွင်းရေးမှူးတို့က ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းဇော်ဦးနှင့် အမှုဆောင်အရာရှိ ဦးအောင်စိုးဝင်းထံ လွှဲပြောင်းပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။
ထို့နောက် နတ်သံကွင်းဒေသ နတ်သံကွင်းမြို့မဈေးသစ်ကြီးအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
နတ်သံကွင်းဒေသ နတ်သံကွင်းဈေးဟောင်းသည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဈေးဟောင်းပျက်စီးဆုံးရှုံးသွားပြီး ဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံ ငွေကျပ်သိန်း(၃၀၀၀)၊ ဈေးသူ/ဈေးသားများက ငွေကျပ်သိန်း(၂၅၀၀) စုစုပေါင်းငွေကျပ် သိန်း(၅၅၀၀)ဖြင့် ပျံကျဈေးရုံအပါအဝင် ဈေးရုံ(၃)ရုံ၊ ဆိုင်ခန်းပေါင်း(၂၇၈)ခန်းပါရှိသော ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။