Home / ညောင်လေးပင်မြို့နယ် / ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီ ၂၅ (ပြွန်တန်ဆာ)
===================

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ လှည်းဆိပ်ကျေးရွာအုပ်စု၊ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က နိုင်ငံတော်အစိုးရနှင့် သီးခြားအလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်သံဃနာယက၊ ကြခတ်တောရပညာဒါနဆရာတော်ဘဒ္ဒန္တ ဓမ္မသာမိ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းနှင့် အလှူရှင် ဒေါက်တာဝင်းကိုကို (ခ) ဦးမြဖူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်းကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ဝမ်းမြောက်စကား ပြောကြားကာ ကျောင်းဆောင်သစ် အလှူ ရှင်ဒေါက်တာဝင်းကိုကို(ခ)ဦးမြဖူးမှ ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/သူ(၂၃၉)ဦးအတွက် ကျောင်းဝတ်စုံ(၂၃၉)စုံအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးထံ အသစ်ဆောက်လုပ်လှူဒါန်းထားသည့် ရွှေဖူးရတနာပညာပါရမီကျောင်းဆောင်၊ မြတ်စေတနာကျောင်းဆောင်၊ ပိတောက်ကျောင်းဆောင်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အလှူရှင်များက လွှဲပြောင်းပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က စစ်ကုန်းချောင်းသစ်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် ထူးချွန်ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ကျောင်းဆောင်သစ်များ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာတွင် ပဲခူးမြို့နယ် သံဃနာယက၊ ကြခတ်တောရ ပညာဒါနဆရာတော်မှ ငွေကျပ်(၄၅)သိန်း အကုန်ကျခံ အကြီးစားမွမ်းမံ ပြင်ဆင်လှူဒါန်းသည့် (၈၀’ x ၂၄’) ပေရှိ မူလတန်းကျောင်းဆောင်၊ ဘီးလင်းမြို့နေ ဒေါက်တာဝင်းကိုကို(ခ) ဦးမြဖူး + ဒေါက်တာလဲ့လဲ့ဝင်း မိသားစုမှ ငွေကျပ်သိန်း(၃၇၀)ဖြင့် ဆောက်လုပ်လှူဒါန်းသည့် (၆၀’x၃၀’)ပေရှိ ရွှေဖူးရတနာပညာ ပါရမီကျောင်းဆောင်၊ စစ်ကုန်းချောင်းသစ် ကျေးရွာသူ/ကျေးရွာသားများစုပေါင်း၍ ငွေကျပ်သိန်း(၅၀၀)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် (၈၂’x၂၄’) ပေရှိ မြရတနာကျောင်းဆောင်နှင့် အလျား(၃၀’×၂၆’)ရှိ ပိတောက်ကျောင်းဆောင်၊ နိုင်ငံတော်အစိုးရ၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် သိန်း(၃၂၀)ဖြင့် (၇၀’×၃၀’)ရှိကျောင်းဆောင်တို့အား အစိုးရနှင့် စေတနာရှင် အလှူရှင်များမှ အကြီးစားပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်လှူ ဒါန်းခြင်းများပြုလုပ်ပြီး ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။