Home / ကဝမြို့နယ် / ကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၁၉ (ကဝ)
—————————

ပဲခူးခရိုင်၊ ကဝမြို့နယ် သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းနှင့် (၁၄)ကြိမ်မြောက် ပညာဒါနအလှူပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြင့်ခြင်း ဆိုင်းဘုတ်အား သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သပြေကန်အသင်းကျေးရွာ၊ ဇမ္ဗူ့မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သြဝါဒကထာနာယူပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ နိုင်ငံတော်အနေနဲ့ ဒီနေ့ဒီချိန်မှာ ခေတ်မီပညာရေးစနစ်သစ်တစ်ရပ် ပေါ်ထွက်လာရေး အထူးဦးစားပေး ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ပညာရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ကိုလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်သုံးစွဲလျှက်ရှိပါကြောင်း၊ ခေတ်မီပညာရေးစနစ်သစ်တစ်ရပ်ကို ဖော်ဆောင်တဲ့နေရာမှာ မြို့ပြနှင့် ကျေးလက်တန်းတူ ဖွံ့ဖြိုးတိုးတက်လာမှသာ ရည်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ လိုအပ်နေသည့် စာသင်ဆောင် ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ သန့်စင်ခန်း၊ ဆရာ/မနေအိမ်တွေကို ဆောက်လုပ်ပေးနေတဲ့အပြင် စာရေးခုံ၊ ထိုင်ခုံ၊ ပရိဘောဂများ ၊ သင်ထောက်ကူ ပစ္စည်းများကိုပါ ဖြည့်သွင်းဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ သို့သော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းပေါင်း (၄၇၀၀၅)ကျောင်း ရှိနေတဲ့အတွက် နိုင်ငံတော်အစိုးရဟာ ကျောင်းအားလုံးကို ပြီးပြည့်စုံအောင် တစ်ပြိုင်နက်တည်း ဆောင်ရွက်မပေးနိုင်သေးကြောင်း၊ ဒီလိုအချိန်မှာ ဆရာတော်များနှင့် မိဘပြည်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြတာ အထူးပဲကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်လျှက်ရှိပြီး ဝေးလံခက်ခဲတဲ့ ဒေသများအတွက် အထူးအရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်း ဆက်လမ်းများ ဖောက်လုပ်ရေးတို့ကို အလေးပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်လာရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ကွင်းဆင်းဆောင်ရွက်စေပြီး ရန်ပုံငွေများ ခွဲဝေသတ်မှတ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အလှူရှင်၊ စေတနာရှင်များအနေဖြင့်လည်း မိမိတို့၏ သားသမီးမြေးမြစ်များအထိ ရည်ရွယ်ပြီး ယခုလို ဝိုင်းဝန်းကူညီပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းကြခြင်း၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးခြင်းကြောင့် အထူးပဲအကျိုးကျေးဇူးများ ရရှိလာကြမှာဖြစ်ပါကြောင်း၊ မိမိတို့လှူဒါန်းတဲ့ စာသင်ဆောင်၊ ကျောင်းဆောင်များဟာ မိမိတို့အရပ်ဒေသမှာ ကလေးသူငယ်များ တက်ရောက်ပြီး ပညာသင်ကြားကြရတဲ့အတွက် မဖြစ်မနေ လိုအပ်သည့်အသိပညာ၊ အတတ်ပညာများ လွယ်ကူချောမွေ့စွာ ရကြမှာဘဲဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ ပညာတတ်လူငယ်များ၏ အခန်းကဏ္ဍမှာ အထူးပဲအရေးပါလှပါတယ်။ ပညာတတ်မျိုးဆက်သစ်များ အဆက်မပြတ် ပေါ်တွက်မှသာလျှင် နိုင်ငံတော်ဟာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် အလှူရှင် ဂျပန်နိုင်ငံသား မစ္စတာအာရီမားက ကျောင်းဆောင်များနှင့် ကျောင်းသုံးစာအုပ်များ လှူဒါန်းပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးပိုင်သူကျော်ထံသို့ ကျောင်းသုံးစာအုပ်များကိုလည်းကောင်း၊ ဦးသန်းထွန်းအောင် ဦးဆောင်သော Lesswalk.orgအ ဖွဲ့အစည်းမှ စက်ဘီးအစီး(၅၀)အားလည်းကောင်း၊ မြန်မာမုဒိသာဖောင်ဒေးရှင်းမှ ပဲနို့စက်ကိုလည်းကောင်း၊ အလှူရှင်များမှ အလှူ ငွေများကိုလည်း အသီးသီးပေးအပ် လှူဒါန်းကြကြောင်း သိရသည်။
ကဝမြို့နယ်၊ သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၇၂ခုနှစ်တွင် မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ခုနှစ်တွင် မူလတန်းလွန်ကျောင်း အဖြစ်လည်းကောင်း၊ ၂၀၁၄ခုနှစ်တွင် အလယ်တန်းကျောင်းခွဲ အဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ ၂၀၁၈ခုနှစ်တွင် အထက်တန်းကျောင်းခွဲ အဖြစ်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ်လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတွင် KGတန်းမှ ဒဿမတန်းအထိ ကျောင်းသား/သူ (၅၉၉)ဦးနှင့် ဆရာ/မ(၁၉)ဦးရှိကြောင်း တင်းရရှိသည်။