Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် လှော်ကားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် လှော်ကားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

သြဂုတ် ၉ (ပဲခူး)
——————–

ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ လှော်ကားကျေးရွာတွင် ဩဂုတ်လ(၉)ရက်နေ့ ညနေ(၄)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan)ဖြင့် ဆောင်ရွက်သည့် လှော်ကားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လှော်ကားကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏနှင့် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့က အမှာစကားပြောကြားပြီး လှော်ကားကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီ ဥက္ကဌ ဒေါ်စောဥမ္မာတင်က ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မီးလင်းရေးကော်မတီဥက္ကဌတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလယ်မှုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
လှော်ကားကျေးရွာတွင် အိမ်ခြေ(၁၄၇)အိမ်၊ အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၆၇၉)ဦးရှိပြီး ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေ(၆၀၀)11KVလိုင်းနှင့် (200KVA) ထရန်စဖော်မာ(၁)လုံးအတွက် (၁၆၄)သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (VDP)မှ ငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူများမှ (၃၄၈၃၂၅၀၀)ကျပ်၊ စုစုပေါင်း(၆၁၂၃၂၅၀၀)ကျပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသည့် ဘုရားကြီး-ဘောနက်ကြီး-ဇောင်းတူ- တိုက်ကြီးလမ်းပေါ်ရှိ တံတားအမှတ်(၄/၆) အရှည်(၉၀)ပေ၊ အကျယ်(၁၄)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကိုလည်းကောင်း၊ ဘောနက်ကြီးကျေးရွာအနီး မြန်မာ့အလှသိုးမွှေးစက်ရုံ တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးမြို့အနောက်မြို့ရှောင်လမ်းနှင့် မြို့တွင်းလမ်း လမ်းဘေးဝဲယာ လျှပ်စစ်မီးထွန်းထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။