Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ဝန်ကြီးချုပ် ပြောကြား

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ဝန်ကြီးချုပ် ပြောကြား

ဇန်နဝါရီ ၂၅ (ပေါက်ခေါင်း)
======================

ဇန်နဝါရီလ (၂၅)ရက်နေ့၊ ညနေ(၅:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပေါက်ခေါင်းမြို့နယ်၊ ချောင်းဖြောင့်ကျေးရွာ၌ တည်ဆောက်နေသည့် ကျေးလက်တံတား(ချောင်းဖြောင့်တံတား) တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စီမံကိန်း တာဝန်ခံတို့က တံတားတည်ဆောက်မည့်ပုံစံအသေးစိတ်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးတက်နိုင်ရန် ကျေးလက်ဒေသကို အဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသများ၏ လမ်း/တံတား လိုအပ်ချက်များ၊ လျှပ်စစ်မီးလိုအပ်ချက်များ၊ အခြေခံအဆောက်အဦ လိုအပ်ချက်များကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် အနည်းဆုံးဖြစ်စေရန်အတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့်လည်း တံတားတည်ဆောက်ခြင်းဖြစ်ဖြစ်၊ လမ်းတည်ဆောက်ခြင်းဖြစ်ဖြစ် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် စေတနာထား ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကျေးလက်တံတား(ချောင်းဖြောင့်တံတား)သည် အရှည် (၃၀၀)ပေ၊ အကျယ်(၂၀)ပေရှိပြီး ဘဏ္ဍာရေးနှစ် (၂၀၁၉-၂၀၂၀) နှင့် (၂၀၂၀-၂၀၂၁) အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၆၇၀)သန်းဖြင့် ဟံသာဝတီလန်းမတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိကာ တံတားတည်ဆောက်ပြီးစီးပါက ပေါက်ခေါင်းမြို့နယ်၊ ချောင်းဖြောင့်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။