Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးလက်မီးလင်းရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး IGE Power Co., Ltd မှ လာရောက်တွေ့ဆုံ

ကျေးလက်မီးလင်းရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး IGE Power Co., Ltd မှ လာရောက်တွေ့ဆုံ

ဇူလိုင် ၁၆ (ပဲခူး)
==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ကျေးလက်မီးလင်းရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး  IGE Power Co., Ltd မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ IGE Power Co., Ltd လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်သင်းသင်းနွဲ့က ယခင်နှစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများအား PFI (Private Financial Initiative) စနစ် ကုမ္ပဏီဘက်မှ ကြိုတင်ငွေကြေးစိုက်ထုတ်သုံးစွဲ၍ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ အစိုးရအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသည့်ဘဏ္ဍာငွေမှ အချိုးကျ ပြန်လည်ပေးဆပ်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့၍ အောင်မြင်မှုများ ရရှိလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း NEP စီမံကိန်းတွင် ပါဝင်ပြီး ကျေးရွာအတွင်း (400V)လိုင်း မတပ်ဆင်ရသေးသည့် ကျေးရွာများအား ကုမ္ပဏီမှ ငွေကြေးစိုက်ထုတ်၍ လုပ်ငန်းများကြိုတင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒါမှသာ NEP စီမံချက်အရ ကျေးရွာထိပ်အထိ လျှပ်စစ်မီးရောက်ရှိလာပါက ချက်ခြင်းမီးလင်းနိုင်မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်မှ NEP စီမံချက်များရေးဆွဲ၍ ကျေးရွာများ မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသလို တိုင်းဒေသကြီးအစိုးရမှလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများသည် နိုင်ငံတော်မှ ကျေးရွာထိပ်အထိ လျှပ်စစ်မီးရောက်ရှိရန် ဆောင်ရွက်ပေးရပြီး အစိုးရမှ ထောက်ပံ့ပေးနိုင်သလောက် ထောက်ပံ့ပေးကာ ကျေးရွာသူ/သားများ၏ အလှူငွေဖြင့် ကျေးရွာအတွင်း၌ (400V)လိုင်းများ သွယ်တန်းကြရကြောင်း၊ အဓိကအားဖြင့် ကျေးရွာများတွင် ကျေးလက်မီးလင်းရေးကော်မတီများလည်း ဖွံ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ကျေးရွာအတွင်း (400V)လိုင်းများဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာမီးလင်းရေးကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့အစိုးရမှလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးသန်းဝင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ IGE Power Co., Ltd လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်သင်းသင်းနွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။