Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဂေဟစနစ်ကို တန်ဖိုးထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဂေဟစနစ်ကို တန်ဖိုးထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၉ (ပဲခူး)
==========================

ဂေဟစနစ်ကို တန်ဖိုးထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ခိုင်မြဲစေရန် တော၊ တောင်၊ ရေ၊ မြေစသည့် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများသည် အနာဂတ်အတွက် ပိုမိုကောင်းမွန်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ နေရာဒေသကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန်ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ကိုးကွယ်မှု ဘာသာရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ စသည်တို့ကို ပိုမိုပေါ်လွင်ထင်ရှားစေရန် အလေးထားဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပသိဆည်ဝန်းကျင်ရှိ ရှမ်းရွာ၊ ကယားရွာစသည်တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာကြည့်ရှုနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းတွင် ထည့်သွင်းထားရန်နှင့် ပြည်ပခရီးသွားများ မသွားသင့်သည့် နေရာဒေသများကိုလည်း ခရီးသွားလမ်းညွှန်များ အသိပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဦးဟောက်ကျင်မုန်က  ယခင်ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ အမှတ်စဉ်(၃/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဟိုတယ်(၈၂)လုံး၊ အခန်းပေါင်း (၂၀၉၇)ခန်းရှိပြီး ပြည်တွင်းဧည့်သည် (၂၂၂၀၉၁)ဦးနှင့် ပြည်ပဧည့်သည် (၉၃၉၃၀)ဦးတို့ တည်းခိုစရိတ် ဝင်ငွေစုစုပေါင်း (၂၃၅၂၈.၀၄)သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။