Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၃၁ (အုတ်တွင်း)
==================

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့မှ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး)တံတားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများပြုလုပ်ပြီး တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး)သည် အရှည်(၁၂၀၀)ပေ၊ အကျယ်(၃၀)ပေရှိပြီး ယာဉ်သွားလမ်းအကျယ်(၂၄)ပေ (၂)လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃)ပေစီပါရှိသော ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ဒေသတွင်း မှီတင်းနေထိုက်ကြသည့် ပြည်သူအားလုံး သွေးချင်းညီ‌နောင်များသဖွယ် အလွယ်တကူ ကူးလူးဆက်ဆံနိုင်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အထိ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၄၉၄၅)သန်းနှင့် ချဉ်းကပ်လမ်းအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  ရန်ပုံငွေကျပ်သန်း (၄၅၆.၇၆၆)သန်း စုစုပေါင်း(၅၄၀၁.၇၆၆)သန်းတို့ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလ(၃၀)ရက်နေ့တွင် လုပ်ငန်းအားလုံးပြီးစီး လွှဲပြောင်းပေးအပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်တောင်းမြစ်ကူးတံတား (မြို့စိုးတံတား) တည်ဆောက်ပြီးစီးခြင်းကြောင့် အဆိုပါဒေသရှိ ပြည်သူများမှာ ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး-တောင်ငူမြို့နယ်များအပြင် ဆက်စပ်အခြားသော မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်တိုအတွင်း ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်‌သဖြင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍမျိုးစုံတို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။