Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များလှူဒါန်း

စာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များလှူဒါန်း

နိုဝင်ဘာ ၂၀ (ပဲခူး)
——————————

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်များစုပေါင်း၍ နိုဝင်ဘာလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိပရိယတ္တိစာသင်တိုက်၌ ပဲခူးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်ကြီးများအတွက် ဆွမ်းဆန်အိတ်များလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဥဿာသီရိပရိယတ္တိစာသင်တိုက် ပဓာနနာယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာသူရိယဆရာတော်ထံမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် စေတနာရှင်အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်အိတ်များလှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်များစုပေါင်း၍ ဆွမ်းဆန်အိတ်များ လှူဒါန်းမှုပြုလုပ်ရာတွင် ဥဿာသီရိစာသင်တိုက်၊ သာမဏေကျော်စာသင်တိုက်၊ သာသနာ့ဇောတိကစာသင်တိုက်၊ ချမ်းမြေ့ဇေယျာစာသင်တိုက်၊ ဝင်းနိမ္မိတာရုံစာသင်တိုက်၊ ကြခတ်ဝိုင်းစာသင်တိုက်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်၊ အာသောကဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်များအတွက် တစ်ကျောင်းလျှင် ဆန်အိတ်(၃၀)အိတ်စီ၊ ခေါင်းဆေးကန်ကျောင်းတိုက်၊ မဟာကြီးကျောင်းတိုက်၊ လိပ်ပြာကန်သီလရှင်စာသင်တိုက်၊ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊ သုခိတာရာမသီလရှင်စာသင်တိုက်၊ ကျုံးထောင့်ဝိပဿနာစာသင်တိုက်၊ သုစိတ္တာရာမစာသင်တိုက်များအတွက် တစ်ကျောင်းလျှင် ဆန်အိတ်(၁၅)စီ စုစုပေါင်း ဆနအိတ်(၃၄၅)အိတ်အား လှူဒါန်းပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။