Home / ရေတာရှည်မြို့နယ် / ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ပဲ့ကျမှု)နှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ပဲ့ကျမှု)နှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ

သြဂုတ် ၂၉ (ပဲခူး)
=====================

ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ(ယာဘက်ခြမ်း) ပဲ့ကျခဲ့မှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် ကျေးရွာအုပ်စုများအတွက် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေတာရှည်မြို့နယ်ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး ဖွင့်လှစ်၍ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှုနှင့် ကယ်ဆယ်ရေး/ထောက်ပံ့ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
သြဂုတ်လ (၂၉)ရက်နေ့၊ ညနေ(၅)နာရီအထိ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာပေါင်း(၈၂)ရွာ၊ အိမ်ခြေ(၁၀၉၁၆)၊ အိမ်ထောင်စု (၁၀၉၃၈)စု၊ လူဦးရေ(၄၉၃၈၂)ဦး ရေဝင်ရောက်ခဲ့ပြီး၊ ရေတာရှည်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း(၁၇)ခု၊ တောင်ငူမြို့နယ် အတွင်း(၁၆)ခု ဖွင့်လှစ်ထားရှိသည်။ ရေဝင်ရောက်ခဲ့သည့် ဧရိယာများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တပ်မတော်ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ ရေဘေးသင့်ကျေးရွာအုပ်စုများအတွက် ပဲခူးတိုင်းဒေသကြီးရေဘေး ကယ်ဆယ်ရေး ကွပ်ကဲရေးမှုရုံးမှ ရေတာရှည်မြို့နယ်၊ ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ဆန်(၁)တင်းခွဲ(၁၇၆၅)အိတ်၊ ဆန်(၁)ပြည် (၃၀၀)အိတ်၊ ဆန်(၂)ပြည် (၂၉၅)အိတ်၊ ဆန်(၅)ပြည် (၆၀)အိတ်၊ ဆန် (၆)ပြည် (၂၀၀)အိတ်၊ ခေါက်ဆွဲခြောက်(၁၈၀)ပါ (၆၅၀)ဖာ၊ စက်လှေ(၁)စီး၊ ပဲလွန်းဖြူ(၁၂၅)အိတ်၊ SATO ကော်အိမ်သာခွက်(၁၅၅)ခုတို့အား ထောက်ပံ့ထားခဲ့ပြီး၊ ရေဘေးသင့်နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ညနေ(၅:၃၀)အချိန်တွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ သိုင်းဝ ကျေးရွာအုပ်စု၊ မှန်ပြတောင်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ(၃၅၀)ဦးအတွက် ထောက်ပံ့ငွေ(၇၅၀၀၀ဝိ/)နှင့် ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေ(၅၀၀၀၀ဝိ/)တို့အား ပေးအပ်လှူဒါန်းခဲ့သည်။
အထက်ပါ ရေလျှံမှုကြောင့် ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်ကိုင်းကျေးရွာရှေ့ ရန်ကုန်- မန္တလေးကားလမ်း(လမ်းဟောင်း) ပေါ်သို့ (၁)ပေခန့် ရေကျော်လျက်ရှိပြီး ယာဉ်သွားလာမှုများအား ဖြတ်သန်းခွင့်ယာယီပိတ်ထားလျက်ရှိပြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ အေးသာယာကျေးရွာနေ ဒေါ်စိုးသန်း(ဘ) အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ရေနောက်ပါပျောက်ဆုံးလျက်ရှိပြီး၊ သိုင်းဝကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာရှိ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ သိမ်(၁)ကျောင်း၊ ကျွဲ(၂)ကောင်၊ နွား(၂)ကောင်တို့ ရေနောက်မျောပါသွားလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်ကျေးရွာများသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။