Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော်၏ အန္တိမအဂ္ဂိသာဓုကီဠန ပူဇော်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်

ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော်၏ အန္တိမအဂ္ဂိသာဓုကီဠန ပူဇော်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်

ဒီဇင်ဘာ ၂၉ (လက်ပံတန်း)
———————————

ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဈိမာရုမ်ကျောင်းတိုက်အတွင်း၌ နိုင်ငံတော်သြဝါဒစရိယ မူလဒွါရနိကာယဂိုဏ်း၊ ဂဏာဓိပတိတေရဿ မသာသနာပိုင် သက်တော်ရှည် ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော် သက်တော်(၁၀၁)နှစ်၊ ဝါတော်(၇၅)ရှိ ဘဒ္ဒန္တဗုဒ္ဓက်ုရမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိသာဓုကီဠန ပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “သဗ္ဗေသင်္ခါရာအနိစ္စာတိ” (၃)ဂါထာတော်ကိုရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဈိမာရုမ်ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သြဝါဒစရိယ (မူလဒွါရ)နိကာယဂိုဏ်းကြီး၏ ဂဏာဓိပတိတေရဿ မသာသနာပိုင် သက်တော်ရှည် ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော် ဘဒ္ဒန္တဗုဒ္ဓက်ုရမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားတော်မူပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့သည့်သံဝေဉာဏ် ပွားတော်မူကြောင်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ)ဆရာတော်က ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးပို့ဆက်ကပ်သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံးခွဲ(ပြည်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမြင့်က ဖတ်ကြားလျှောက်ထားပြီး ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး အနိစ္စဝတ သင်္ခါရဂါထာတော်ကို ဆရာတော်ကြီးများဦးဆောင်၍ ဧည့်ပရိတ်သတ်အားလုံးက ရွတ်ဆိုပူဇော်ကာသွဝေဂဉာဏ် ပွားတော်မူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား စံကျောင်းတော်ကလပ်ပေါ်မှနေပြီး တပည့်သံဃာများ၊ ဈာပနကျင်းပရေး ဦးစီးကော်မတီတို့က လက်ဆင့်ကမ်းပင့်ဆောင်ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများမှ လောင်တိုက်တော်အား ဒုံးဖြင့်ဖေါက်ပြီး မီးရှုးမီးပန်းများ ပစ်ဖောက်ပူဇော်ကြကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးသည် ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ သက်တော်(၁၀၁)နှစ်၊ ဝါတော်(၇၅)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ရာ ဒီဇင်ဘာလ(၂၃)ရက်နေ့၌ စံကျောင်းချ အခမ်းအနားပြုလုပ်ခဲ့ပြီး ယနေ့ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် အန္တိမအဂ္ဂိသာဓုကိဠနသဘင် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။