Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ညောင်လေးပင်မြို့နယ်အတွင်း မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်

ညောင်လေးပင်မြို့နယ်အတွင်း မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်

စက်တင်ဘာ ၁၈ (ပဲခူး)
======================

စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်အား လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မသန်စွမ်းမှုဖြစ်ပေါ်ရခြင်းသည် မွေးရာပါနှင့် အခြားတစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်ခံစာရသည့် မသန်စွမ်းသူဟူ၍ရှိကြောင်း၊ မိမိတို့သည် မသန်စွမ်းသူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်၊ အကာအကွယ်ပေးရန်၊ စနစ်တကျ မှတ်ပုံတင်ထားရှိပြီး လိုအပ်သည့် ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန် မွန်မြတ်သည့်စိတ်ဓါတ်ကို အခြေခံပြီး လူသားချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်၍ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်များမည့် လုပ်ငန်းများကိုလည်းကောင်း၊ UNICEF မှ ဒေါက်တာနန္ဒာအောင်က မသန်စွမ်းသူများ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ မသန်စွမ်းသူများ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်မြို့နယ်တစ်ခုအား Pilot Project အနေဖြင့် အောက်တိုဘာလအတွင်း၌ စတင်ဆောင်ရွက်တော့မည်ဖြစ်ပြီး၊ မသန်စွမ်းမှုဟူသည် မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုချို့ယွင်း အားနည်းချက်များကို ရေရှည်ခံစားနေရသူများပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်း၊ UNICEF မှ ဒေါက်တာ နန္ဒာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။