Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၂/၂၀၂၀) ဖွင့်ပွဲကျင်းပ

တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၂/၂၀၂၀) ဖွင့်ပွဲကျင်းပ

ဖေဖော်ဝါရီ ၁၇ (ပဲခူး)
______________________

ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်‌မြောင်းလမ်းရှိ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၂/၂၀၂၀) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ကိုယ်စား ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှုး ဉီးသိန်းဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြသည်။
အဆိုပါသင်တန်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ပြည်သူလူထုသိရှိရမည့် ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးသည့် သင်တန်းဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုး‌လေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များစသည့် သင်တန်းသား/သူ(၅၀)ဦးကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၂/၂၀၂၀)ကို ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် ” သဘာဝဘေးနှင့်ပတ်သက်လို့ အသိပညာ၊ ဗဟုသုတများတိုးပွားစေပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး မဖြစ်ခင်ကြိုတင်ကာကွယ်ပြင်ဆင်ရေး၊ ဘေးအန္တရာယ်ကျရောက်နေစဉ်အတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို သင်တန်းသား/သူများ ကောင်းစွာသိရှိနားလည်လာမှာဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်ပွားနေသည့်အချိန်တွင် စီမံခန့်ခွဲရေးလုပ်ငန်းများကို မြေပြင်မှာလက်‌တွေ့ကျကျဆောင်ရွက်နိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခုဖြစ်လာမှာဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ(၄)လကျော်ကာလ၌ မီးဘေး(၂၀)ကြိမ်၊ လေဘေး(၂၇)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်၊ မိုးကြိုးဘေး(၈)ကြိမ်၊ အခြားဘေး(၁)ကြိမ် စုစုပေါင်း(၅၇)ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်‌ခြေ/အိမ်ထောင်စု (၃၁၇)စု၊ လူဦးရေ(၁၂၄၃)ဦးတို့အတွက် ကျပ်သိန်း(၁၈၉)သိန်း ထောက်ပံ့ပေးခဲ့သည့်အပြင် သဘာဝဘေးဒဏ်ခံနိုင်ဖို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျောက်တံခါးမြို့နယ်အတွင်း ရှမ်းဒိုးတန်းကျေးရွာ၊ ရဲနွယ်ချောင်းကူးတံတား၊ သူဌေးကုန်း-တောင်ခင်ကျေးရွာချင်းဆက်လမ်း၊ ညောင်လေးပင်မြို့နယ်အတွင်း သောင်ကြီးအုပ်စုနှင့် မဒေါက်မြို့သို့ဆက်သွယ်သည့် လမ်းမကြီးအား ကွန်ကရစ်ခင်းခြင်း၊ ရေတာရှည်မြို့နယ်အတွင်း သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာသစ်တွင် ရွာတွင်းရွာပြင် ကျောက်ရောမြေလမ်းခင်းခြင်း၊ ပဲခူးမြစ်ပန်းတာအား တာပုံစံကျအခိုင်အမာပြုပြင်ခြင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ဘော်ဘင်ချောင်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်းများအတွက်လည်း ငွေကျပ်သိန်းပေါင်း (၇၈၀၀)ကျော်ဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။