Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းပြည်အတွက် အခြေခံကျသော စာရိတ္တ ကောင်းမွန်ချမ်းသာအောင်ကြိုးစားရန် ဝန်ကြီးချုပ် ပြောကြား

တိုင်းပြည်အတွက် အခြေခံကျသော စာရိတ္တ ကောင်းမွန်ချမ်းသာအောင်ကြိုးစားရန် ဝန်ကြီးချုပ် ပြောကြား

ဒိုက်ဦး ဇန်နဝါရီ ၂၂

=====================

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ၊ မင်းရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က “အခက်အခဲ ပြဿနာများသည် နေရာအနှံအပြားတွင် ရှိနေကြောင်း၊ ပညာရေးစနစ်ပြောင်းလဲရန်အတွက် အလွတ်ကျက်၊ အသေမှတ်စနစ်မှ အတွေးအခေါ်ကို အခြေခံပြီး ကိုယ်ပိုင်တီထွင်ဆန်းသစ်နိုင်သော အခြေအနေသို့ ပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အပေါ်ယံ ရုပ်ဝတ္တုများကိုသာ ယှဉ်ပြိုင်မှုလုပ်နေခြင်းထက် မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြိုးစားဆောင်ရွက်သင့်ကြောင်း၊ ယခုလို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေစဉ်ကာလအတွင်း အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ဘာသာတစ်ခုနှင့်တစ်ခု မယုံကြည်မှုများ ထားရှိနေပါက စည်းလုံးမှုကို မရရှိဘဲ မိမိတို့၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နှောင့်နှေးကြန့်ကြာ နေမည်ဖြစ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် စုပေါင်းဝိုင်းဝန်း အဖြေရှာခြင်းဖြင့် ငြိမ်းချမ်းကောင်းမွန်းသော လူ့အသိုက်အဝန်းတစ်ခုဖော်ဆောင်ကြရန်နှင့် တိုင်းပြည်အတွက် အခြေခံကျသော စာရိတ္တ ကောင်းမွန်ချမ်းသာအောင် ကြိုးစားရန်” မှာကြားခဲ့သည်။
ထို့နောက် ပနွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နှစ်စဉ်ရေကြီးနစ်မြုပ်မှုဒဏ် ခံစားရသဖြင့် သဘာဝဘေးဒဏ်ခံ အဆောက်အဦများထားရှိပေးရန်၊ ပေ(၆၀)တံတား ပြန်လည်တည်ဆောက်ပေးရန်၊  ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသော တံတားကြီးအတွက် လိုအပ်ချက်များရှိနေသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ သုံးခွကျေးရွာဒေသခံမှ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် စပါးဧကများအတွက် သီးနှံလျော်ကြေးငွေများ ယခုထိ မရရှိသေးကြောင်း၊ ဆောင်းချေးငွေလည်း မရရှိသေးပါကြောင်းနှင့် ကျေးရွာပိုင် စားကျက်မြေကိစ္စရပ်တို့အား အသီးသီး တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။