Home / ကျောက်ကြီးမြို့နယ် / တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

သြဂုတ် ၂၃ (ကျောက်ကြီး)
==============================

သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အေးမြသုခရေတွင်းကုန်းကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အဖွင့်သီချင်းသီဆိုကာ အလံတော်ကိုအလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးကုသလကနှင့် ကျောက်ကြီးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးစန္ဒိမာတို့က သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းလွင်တို့ကအမှာစကားအသီးသီးပြောကြားကာ တောင်ငူခရိုင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌတီးကော်စေးဟဲက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကရင်တိုင်းရင်းသားများက ချည်ဖြူ ဖွဲ့အသုံးအဆောင်ပစ္စည်းများသယ်ဆောင်ကာ အမိုး ဖီးဘိုမက လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သကြပြီး လက်ရစ်ချည်ခြင်းအစီအစဉ်ပြုလုပ်ကြသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ်ဒုံးယိမ်းအကများ၊ ဝါးညှပ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာ အခမ်းအနားကို အိုယူးအိုဖိုသီချင်းဖြင့်သီဆိုဖျော်ဖြေကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာအား ဝါခေါင်လတွင်ကျင်းပပြုလုပ်ပြီး ရှေးဘိုးဘွားများက ကရင်အမျိုးများ ပြန်လည်ဆုံတွေ့နိုင်စေရန်၊ မိသားစုအချင်းချင်းပြန်လည်စုစည်းကြစေရန်၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေရန်၊ ကရင်လူမျိုးအချင်းချင်း ညီညီညွတ်ညွတ်ဖြင့် တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူကွဲကွာနေသောဆွေမျိုးများညီကြပြီ အေးအေးချမ်းချမ်း နေနိုင်စေရန်၊
လူငယ်လူရွယ်များကို လူကြီးသူမများက သွန်သင်ဆုံးမစကား ပြောကြားနိုင်စေရန်၊ မိစ္ဆာကောင်များ၊ အယုတ်တမာကောင်များ၊ ကရင်လူမျိုးအချင်းချင်းသွေးခွဲစေရန် ပြောဆိုသောစကားကို နားမယောင်မိစေရန်၊ ယဉ်ကျေးမှု ငါးမျိုးဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန်၊ ယဉ်ကျေးမှုမြင့်မားသောလူမျိုး၊ လူနေမှုအဆင့်မြင့်မားသောလူမျိုး၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြတ်နိုးထိန်းသိမ်းတတ်သော အသိပညာ အတတ်ပညာ မြင့်မားသော လူမျိုးများအဖြစ် အစဉ်တည်တံ့စေရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။