Home / ပဲခူးမြို့နယ် / တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေလာရောက်လှူဒါန်း

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေလာရောက်လှူဒါန်း

စက်တင်ဘာ ၆ (ပဲခူး)
================

 စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ခံရသည့် မြို့နယ်/ကျေးရွာများ၏ အခြေအနေနှင့် လက်ရှိ အစိုးရအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၏ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေကျပ်(၄၈)သိန်း၊ Supreme Group မှ အလှူငွေကျပ် (၁၅)သိန်း၊ အောင်နိုင်သစ္စာကုမ္ပဏီ၊ ဦးအောင်ဇော်ဦးမှ အလှူငွေကျပ်(၁၀)သိန်း၊ စုစုပေါင်း အလှူငွေကျပ်(၇၃)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ဦးဇော်နိုင်သိန်းမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ MYEA မှ ဦးဇော်နိုင်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။