Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဒီဇင်ဘာ ၁ (တောင်ငူ)
==================

ဒီဇင်ဘာလ (၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာအုပ်စု၊ မြောက်ရေကြည်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မေသီဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းသည် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်၊ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်၊ အစိုးရနှင့် ဌာနဆိုင်ရာများ ဟန်ချက်ညီညီပေါင်းစပ်၍ ပြည်သူများ၏ ကြုံတွေ့ရင်ဆိုင်နေရသည့် အမှုအခင်းကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့အစိုးရ၏ နိုင်ငံရေးအရ စိန်ခေါ်မှုများ၊ ပြည်ပနိုင်ငံများ၏ ဖိအားများကို ရင်ဆိုင်နေရသည်ကို သိရှိနားလည် သဘောပေါက်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူကွဲပြားမှုများကို နားလည်မှုရှိရှိ လက်ခံကာ ပူးပေါင်းဆောင်ရွက်တတ်မှသာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဖန်တီးရန်ဖြစ်ပြီး အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီ အသိ၊ သဘောတရားများ ပြည့်ဝရန်လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့် ဖန်တီး၍မရဘဲ အားလုံးက အတူပူးပေါင်းဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ လျှပ်စစ်မီးရရှိရေး၊ မြောက်ရေကြည်ကျေးရွာရှိ အားကစားကွင်းအား အလွဲသုံးစားပြုလုပ်နေကြသဖြင့် ရွာအမည်ပေါက်ရရှိရေး၊ သိမ်းဆည်းမြေများ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာပြဿ နာများတင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး မြောက်ရေကြည်ကျေးရွာမှ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အသက်(၉၀)ကျော်အဖွားတစ်ဦးနှင့် အသက်(၈၀)ကျော်အဖိုးတစ်ဦးတို့အား ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်းနှင့် မြောက်ရေကြည်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။