Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ငါးလုပ်ငန်းဦးစီးဌာန / ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ ၃၀ (ပဲခူး)
==================================

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှကြီးမှူး၍ အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဘောနီဆည်အတွင်း ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုမှာလည်း ပိုမိုမြင့်မားလာသည့်အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု  ပိုမိုတိုးတက်လာစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျ၊ စည်းကမ်းတကျ ဖမ်းဆီးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘောနီဆည်အတွင်းသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းငါးသောင်းအား စုပေါင်းစိုက်ထည့်ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်း၊ တာတမံ(၃၉)ခုနှင့် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၆-၁၇ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ (၁၂၇.၈၉)သိန်း၊ ၂၀၁၇-၁၈ ခုနှစ် ယနေ့အချိန်ထိ ငါးသားပေါက်ကောင်ရေ (၉၈.၁၃)သိန်းအား မျိုးစိုက်ထည့်ထားရှိပြီးဖြစ်သည်။
ငါးမျိုးများ စိုက်ထည့်ခြင်းအားဖြင့် မျိုးများပြန့်ပွားကာ ငါးထုတ်လုပ်မှု တိုးတက်လာသည့်အတွက် ပြည်သူများ၏ စားနပ်ရိက္ခာအတွက် အထောက်အကူဖြစ်သည့်အပြင် ဆည်မြောင်း၊ တာတမံများမှတဆင့် လယ်ကြားမြောင်းများသို့ ဝင်ရောက်ပြန့်ပွားလာသည့် ငါးများကို တောင်သူများ၊ ဒေသခံပြည်သူများ ဖမ်းယူစားသောက်နိုင်ခြင်းဖြင့် အကျိုးများစွာရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းအဆင့်ဌာနဆိုင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။