Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

ဒီဇင်ဘာ ၁၅ (ပဲခူး)
==================

ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာတွင် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Talent& Technologyကုမ္ပဏီတို့ပူးပေါင်းပြီး Solar Mini-Gridဖြင့်ဆောင်ရွက်သော ကျေးလက်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော်က NEP စီမံကိန်းSolar Mini-Grid ဖြင့် ဆောင်ရွက်သော ကျေးလက်မီးလင်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ Talent& Technologyကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များအားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပြီး ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးကော်မတီ အတွင်းရေးမှုးဦးစန်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Talent& Technologyကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်သော ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးမုခ်ဦးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းနှင့် ဒိုက်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းပေးကာ ဓာတ်အားလိုင်းသွယ်တန်းထားရှိမှု နှင့် ပြည်သူများဆိုလာမီးအားအသုံးပြုနေမှုများကို လိုက်လံကြည့်ရှုကြသည်။
ကုက္ကိုင်းကျေးရွာတွင် အိမ်ခြေ(၂၅၀)အိမ်၊ အိမ်ထောင်စု(၂၅၀)စု၊ လူဦးရေ(၁၁၀၀)ဦးနေထိုင်ပြီး ဆိုလာ(Mini-Grid)ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းအားသည်(32 KW)ထုတ်လွှင့်ပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်(၆)ဦးနှင့် စုစုပေါင်းအိမ်ခြေ (၁၃၀)အိမ်အား ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိကြောင်းနှင့် ကျေးလက်မီးလင်းနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ(၆၀)%(၁၄၄.၆၆၇၈)ကျပ်သန်း၊ ကျေးရွာပြည်သူမှ(၂၀)%(၄၈.၂၂၂၆)ကျပ်သန်း၊ ကုမ္ပဏီမှ(၂၀)%(၄၈.၂၂၂၆)ကျပ်သန်း စုစုပေါင်း(၂၄၁.၁၁၃)ကျပ်သန်း ကုန်ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။