Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေပေးအပ်

ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေပေးအပ်

ဇန်နဝါရီ ၃၀ (ပဲခူး)
—————————-

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့်မြေယာများအတွက် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကျင်းပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် များစွာမူတည်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုစသည်တို့ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်စဉ် လူဦးရေ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်တို့နှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုများပြားလာပြီး ကျေးလက်ဒေသနှင့် မြို့ပြများ အပြန်အလှန်ချိတ်ဆက်၍ အမှီပြုကြရာ လမ်းများချဲ့ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းများကို နှစ်စဉ် ဘတ်ဂျက်များ လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အရ ဒိုက်ဦး-စစ်တောင်းလမ်းကို ဖောက်လုပ်ရခြင်းဖြစ်ပြီး၊ ယာဉ်ကြောရှုပ်ထွေးမှုကို လျော့ချနိုင်ခြင်း၊ ဒိုက်ဦး-စစ်တောင်းလမ်းရှိ ကျေးလက်ဒေသများ အလျင်အမြန် ဖြိုးတိုးတက်နိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ခြင်းများစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးပေးလျော်မှုအပေါ် နားလည်စေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒိုက်ဦး-စစ်တောင်းလမ်း‌ ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေးဝင်းစသည့်ကျေးရွာများမှ တောင်သူ(၁၀၅)ဦး၏ လယ်ယာမြေ (၁၆၆.၇၈)ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၄၁၆၉၅၀၀၀၀)အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဦးမောင်ဒီ၊ ပဲခူးခရိုင်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဇော်လတ်၊ တိုင်းဒေကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့က အသီးသီး ပေးအပ်ခဲ့သည့်အပြင် မြို့နယ်ကိုဗစ်-ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ‌လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရေး ထောက်ပံ့ငွေ(၅)သိန်းကျပ်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အားကစားပစ္စည်းများအား ဝန်ကြီးချုပ်မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်းသည် အရှည်(၂၁)မိုင် (၅)ဖာလုံရှိပြီး ဝေါမြို့နယ် ဆပ်သွားခြုံကျေးရွာမှ ဒိုက်ဦးမြို့နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ အဆိုပါလမ်းဖောက်လုပ်ခဲ့စဉ်က ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေးဝင်းစသည့်ကျေးရွာများမှ တောင်သူ(၁၀၅)ဦး၏ လယ်ယာမြေ(၁၆၆.၇၈)ဧကနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုကိုင်၊ ဖအောင်ဝဲ၊ နတ်ကင်း၊ အိမ်ခြေလေးဆယ်၊ မင်္ဂလွန်ကျေးရွာတို့မှ တောင်သူ(၁၈၆)ဦး၏ လယ်မြေ (၂၃၀.၅၆)ဧက ပါဝင်သွားကြောင်းသိရသည်။
ယခုအခါ အဆိုပါ ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်သောကြောင့် ယခင်စစ်တောင်းတံတား(မုပ္ပလင်)မှ ဒိုက်ဦးမြို့သို့ သွားမည်ဆိုပါက (၅၄)မိုင်(၅)ဖာလုံ သွားရမည့်ခရီးအား ယခုအခါ(၃၃)မိုင် လျော့နည်းသွားပြီး ခရီးသွားပြည်သူများ ပိုမိုမြန်ဆန်လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ် အဘားကျေးရွာ စားကျက်မြေနှင့်ပတ်သက်၍ သက်ဆိုင်ရာ တောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ညောင်ခါးရှည်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Mobile X- Ray စက်ထားရှိမည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် တိုင်း‌ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့က လမ်းရှင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။