Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒီမိုကရေစီပညာရေးစနစ်သည် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းလမ်းညွှန်မှာကြား

ဒီမိုကရေစီပညာရေးစနစ်သည် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းလမ်းညွှန်မှာကြား

အောက်တိုဘာ ၁၀ (ပဲခူး)
=======================

အောက်တိုဘာလ (၁၀)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းနေအရွယ်ကလေးငယ်များသည် အနာဂတ်အတွက် အလွန်ရေးပါမည့် ခေါင်းဆောင်ငယ်များပင်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်၍ မတူကွဲပြားမှု၊ ခြားနားမှုတွေကို စဉ်းစားနေရန်မလိုတော့ပဲ အတူပူးပေါင်းပြီး တိုင်းပြည်အတွက် ကောင်းမွန်သောပညာရေးအင်အားတစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်မှု၊ အတူပူးပေါင်းအဖြေရှာတတ်သော ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို ရရှိခံစားနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံဦးဆောင်မှုဖြင့် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အတ္တနှင့်အဂတိကင်းပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ကြရန်၊ အနာဂတ်ကလေးငယ်များအတွက် မိဘသည် ရှေ့ဦးဆရာဖြစ်ပြီး ယခင်ကလို အတုယူမမှားကြစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်သည် တိုင်းပြည်အတွက် အသက်တမျှအရေးကြီးပြီး မိဘ၊ ဆရာ၊ ကျောင်းသား/သူများ ပူးပေါင်း၍ အနာဂတ်တိုင်းပြည် လှပစေရေး ပူးပေါင်းဆောင်ကြရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့စရိတ်(၃၅၂၀၀၀ဝိ/-)အား ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းအား ပေးအပ်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက အထက်တန်းအဆင့် ပညာသင်ကြားနေသော ကျောင်းသား/သူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးချစ်က အလယ်တန်းအဆင့် ပညာသင်ကြားနေသော ကျောင်းသား/သူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်က မူလတန်းတက်ရောက်နေသည့် ကျောင်းသား/သူများကိုလည်းကောင်း ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ဝန်ထမ်းသား/သမီးများကို ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းသည် အစိုးရမှ ဖော်ဆောင်ပေးနေသည့် ခေတ်သစ်ပညာရေးစနစ်ကို တစ်ဘက်တစ်လမ်းမှ ကူညီပေးခြင်းဖြစ်ပြီး ကြီးမားသော၊ အောင်မြင်သော သားကောင်းရတနာများဖြစ်စေရန် မိဘတွေမှာ တာဝန်ရှိကြောင်း၊ အနာဂတ်ခေါင်းဆောင်ငယ်များအတွက် အတုယူမမှားကြစေရန် ဝန်ထမ်းမိဘများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းရန်နှင့် မိမိတို့၏ သား/သမီးအား အားကိုးယုံကြည်ရသည့် မိဘများဖြစ်ကြစေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် အစိုးရယန္တရားလည်ပတ်ရာတွင် အဓိကနေရာတွင် ရှိနေကြသည့်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားကြစေရန် လိုအပ်ကြောင်းနှင့် မိမိတို့၏ ကလေးငယ်များ ပြုစုပျိုးထောင်ရာတွင် ခေတ်စနစ်နှင့်အညီ ပြောင်းလဲနေသည့် ပညာရေးစနစ်များကို သိရှိနားလည်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများဖြစ်သော တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား/သူ တစ်ဦးလျှင်(၁၀၀၀၀ဝိ/-)ကျပ်နှင့် ဗလာစာအုပ်(၅)ဒါဇင်၊ အထက်တန်းတက်ရောက်နေသည့် ကျောင်းသား/သူ တစ်ဦးလျှင်(၅၀၀၀ဝိ/-)နှင့် ဗလာစာအုပ်(၄)ဒါဇင်၊ အလယ်တန်းတက်ရောက်နေသည့် ကျောင်းသား/သူ တစ်ဦးလျှင်(၄၀၀၀ဝိ/-)နှင့် ဗလာစာအုပ် (၃)ဒါဇင်၊ မူလတန်းတက်ရောက်နေသည့် ကျောင်းသား/သူ တစ်ဦးလျှင်(၂၀၀၀ဝိ/-)နှင့် ဗလာစာအုပ်(၂)ဒါဇင်၊ မူကြိုတက်ရောက်နေသည့် ကျောင်းသား/သူ တစ်ဦးလျှင်(၁၀၀၀ဝိ/-)နှင့် ဗလာစာအုပ်(၁)ဒါဇင် ထောက်ပံ့ပေးအပ်ခဲ့ပြီး တက္ကသိုလ်တွင် ပညာသင်ကြားနေသူ(၁၄)ဦး၊ အထက်တန်းတက်ရောက်နေသူ(၉)ဦး၊ အလယ်တန်း တက်ရောက်နေသူ(၁၃)ဦး၊ မူလတန်း တက်ရောက်နေသူ (၂၅)ဦးနှင့် မူကြိုတက်ရောက်နေသူ (၁၃)ဦး၊ စုစုပေါင်း (၇၄)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းနှင့် အမှုထမ်း၊ အရာထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။